လွမ်းတယ် ၁၉၉၀ … …
အရွယ်ကလည်း ငယ်ငယ်
နှလုံးသားပေါ်က စည်းတံဆိပ်ကို
ဒေါင်းအလံနဲ့ ခတ်နှိပ်ခဲ့တယ်
လွမ်းတယ် ၁၉၉၀ … …
သေနတ်လောက်ပဲ ရှိသေးတဲ့အရပ်နဲ့
ခွပ်ဒေါင်းအလံကို လွှင့်ထူ၊
အဖိုးနဲ့ အဖကို ရင်မှာပိုက်
ကျောင်းစိမ်းပုဆိုး ကပိုကရိုနဲ့
အုတ်နီခဲကို လက်နက်ပြု
စစ်အာဏာကို အန်တုတော်လှန်
“ဒို့ကျောင်းဝန်းထဲ … ဒင်းတို့ကို အဝင်မခံဘူးကွ” … … တဲ့
ပကတိ သန့်စင်လွန်းခဲ့တဲ့
သတ္တိခဲ ကျောင်းသားငယ်ငယ်တွေ
လွမ်းတယ် ၁၉၉၀
ရက်စက်လွန်းသူ အာဏာရှင်တွေအတွက်
အပိုးကျိုးမနေခဲ့တဲ့ ချာတိတ်တွေဟာ
အခုတော့ … …
တွေဝေတဲ့သူက တွေဝေ
တွေးကြောက်တဲ့သူက ကြောက်
သစ္စာဖောက်တဲ့သူက ဖောက်နဲ့
နဂိုဗီဇတွေ ဘယ်ရောက်ကုန်ပြီလဲ … …။ ။
၁၉၈၉-၉၀-၉၁ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ၏ ကျောင်းတွင်းဆန္ဒပြပွဲများကို အောင့်မေ့တသ … …သတိရစွာဖြင့် … …
နေခိုင်(မုံရွာ)
၃၀၊ ၁၂၊ ၂၀၀၇
No comments:
Post a Comment