ကဗျာ

Sunday, December 26, 2010

စစ်ကျွန်

နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်ကချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကိုပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသော ကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင် သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

"အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ်ဆက်တက်နော်သား။ အမေထားပေးမယ်"

"အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်"

"ဘာ----"

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
"အမယ်လေး၊ ကိုသောင်းမင်းရယ်"လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

"သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့"

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။

"သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေ မှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင် ပန်းပန်းရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ"

"ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့"

"သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်"

(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။

နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

"သမီး၊ ဆုံးဖြတ်ပြီးပြီလား"

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။
ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။
စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။

"မေမေကသဘောမတူလို့လားဟင်"

"မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး"

"ဘာဖြစ်လို့လဲမေမေ"

"မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝမခွဲတတ်တာ သမီးသိတယ်နော်"

"သိပါတယ်မေမေ"

"မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး"

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

"လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ ကြတယ်။ ဒီမြင်ကွင်း တွေကို မျက်ဝါးထင်ထင်တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူး နော်သမီး"

"မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး"

"တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေ တခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ် ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ"

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)
၂၀၀၇ ခုနှစ်၊ မတ်လ။

တပ်ရင်း ( ) အရာရှိအိမ်ယာ။

"မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"

"အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို"

"ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ"

"ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့"

"မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော်ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင် ဘူးလား"

"ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါကသူတို့လို မတရားသဖြင့် စီးပွားရှာ လာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ"

"မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာစစ်တပ်ကွ။ မင်းယူထား တဲ့ ယောက်ျားက စစ်သား"

"ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား"

"စစ်တပ်ဆိုတာ အထက်လူကြီးတွကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို
တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး"

"တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို
နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာ နော်။လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီးကျေနပ် လွန်းတယ် မထင်နဲ့"

"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက် က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာ လုပ်ရမယ်။ ဒါပဲ"

"ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့ မှာပေါ့"

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်ကလေထဲသို့မြောက်တက်သွားသည်။

"မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း"

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။
သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

"မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့်လူဖျင်း လူညံ့ပါလား"

"လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ"

"ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာတာဝန်ရှိတယ်"

"အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ"

"ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။
လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။
ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လိုဝတ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး"

"အန်တီက ကျွန်တော့်ကို စော်ကားနေတာလား"

"မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲအိမ်တွင်း အကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ"

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာ မှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန် လှပါပြီ။ ကြီးနိုင် ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော်ခြေသလုံးကို နှိပ်ပေး ရတဲ့ အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများ ပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမော လေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမ တသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံ ပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်က ခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

"ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့"

"မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ"

"ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့"

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေး ကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကို သာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။

သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင် နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာ ဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက် လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေ ပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲမကောင်းလို့လား။

"ဒေါ်ကြီးစိန်ရေ။"

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက် ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။

"ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ"


"ဟေ"

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရ တာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။
ဘာများဖြစ်လို့ပါလိမ့်။

"ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့"

"အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ
မေတ္တာပို့ ၀တ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။သံဃာတော်အများကြီးကိုလဲ စစ်ကားကြီး တွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲလူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေ နဲ့ရိုက်ကြတယ်"

" အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံ ဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကိုခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်ကပြိတ္တာ ဖြစ်မယ့်ဟာတွေ"

"ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေ မဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ"

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာသူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမ အကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

"အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား"

(၅)
(၂၀၀၇) အောက်တိုဘာလ။

စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။
ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။
သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။


"သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ"

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။
ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ် တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။

"တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား"

သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

"မေမေရယ်။ သူ-"

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။
မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။

မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။
ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ"

"မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----"

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

"အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့ မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ် မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘ မဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေမတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့ နေရာမှာပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်"

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှားသွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး" ဟူသတည်း။


-----------------
ဖြစ်ရပ်မှန်ဝတ္ထုလေးပါ။
ထက်ရည်လင်း

Saturday, December 25, 2010

နှစ်ကူးချိန်ဆန္ဒ

၂၀၁၀၊ ဒီဇင်ဘာလ (၃၁)ရက် ည ၁၁ နာရီ ၅၉မိနစ် ၅၉ စက္ကန့်မှာ
ချစ်သူရဲ့ ကြည်သာချိုမြတဲ့အသံလေးကို
နားစွင့်ရင်းနဲ့ နှစ်ဟောင်းကို နှုတ်ဆက်ပြီး
 ၂၀၁၁၊ ဇန်နဝါရီလ (၁)ရက် နံနက် ၁၂ နာရီ ၁ စက္ကန့်မှာ
ချစ်သူရဲ့  ငြိမ်းချမ်းသာယာတဲ့အသံလှိုင်းနဲ့ နှစ်သစ်ကိုကြိုဆိုချင်တယ်
လရောင်ကို ခံယူရင်းနဲ့ နှစ်သစ်မှာ
မင်္ဂလာအားလုံး ပြည့်စုံပါရစေကွယ်

နေခိုင်
၂၆. ၁၂. ၂၀၁၀ 
2:49 PM

Friday, December 24, 2010

အနိုင်မခံ


ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်တွင်းမှနေ၍ အနိုင်မခံအရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့်နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွတ်ကား မညွတ်။
ဤလောဘ ဒေါသတို့ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျှက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှကျဉ်မြောင်းသည်ဖြစ်စေ၊
ယမမင်း၏ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကား ဂရုမပြု။
ငါသာလျှင် ငါ့ကံ၏အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။

ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခုနှစ်)

အိမ်သာတစ်လုံး အလိုရှိသည်


"အိမ်သာ" ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်ကို တစ်ခါမျှ နက်နက်နဲနဲ မစဉ်းစားမိခဲ့ဖူးချေ။
            ဆိုးသွမ်းသောလူကို လူဆိုးဟုခေါ်ကြသည်။ ရူးနေသောခွေးကို ခွေးရူးဟု ခေါ်ကြသည်။ သို့ဖြစ်လျှင် အိမ်သာဆိုသည်မှာ သာယာသောအိမ်ကလေး။
            အိမ်သာတဲ့။ ဘယ်လောက်လှသော နာမည်လေးပါလဲ။ အကယ်၍သာ ထိုစကားလုံးကလေးသည် ယခုလက်ရှိ အသုံးပြုနေသော အနက်အဓိပ္ပါယ်မျိုး မဟုတ်ခဲ့လျှင် ကလောင်နာမည်အဖြစ်တောင်မှည့်ခေါ်ဖို့ ကောင်းသေးတော့သည်။ "မောင်အိမ်သာ"။ ကဗျာဆန်လိုက် လှပေသည်။ ကိုယ်ကိုယ်တိုင်ပင် ထိုကလောင်နာမည်ကို ယူချင်ယူဖြစ်ခဲ့ပါလိမ့်မည်။
            ခုတော့ အညစ်အကြေးစွန့်သော နေရာကိုမှ ထိုနာမည်လှလှကလေး ပေးထားခဲ့ကြသည်။ ဘာကြောင့်လဲ။
            မြန်မာတို့သည် အလွန်ယဉ်ကျေးဖွယ်ရာသော လူမျိုး၊ စိတ်မချမ်းသာစရာကိုပင် နားခံသာအောင်ပြေတတ်သည့် လူမျိုးဖြစ်သည်။ သေဆုံးခြင်းကို ကွယ်လွန်သည်၊ အနိစ္စရောက်သည်ဟု သုံးနှုန်းကြသည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသည်ဟူ၍ ကျန်ရစ်သူတွေ စိတ်ဖြေသာအောင် ပြောတတ်ကြသေးသည်။ ယုတ်စွအဆုံး အလွန်စက်ဆုပ်ဖွယ်ကောင်းသော ပုဒ်မ ၃၇၆ ကိုတောင် အဓမ္မပြုကျင့်မှုဟု နားဝင်ချိုအောင် ဆိုတတ်ပေသေးသည်။
            အိမ်သာကိစ္စမှာလည်း ထို့အတူပင်ဖြစ်လိမ့်မည်။ အညစ်အကြေးစွန့်ပစ်ရာ ရွံရှာဖွယ်ကောင်းသော နေရာကိုပင် မသတီစရာ မဖြစ်အောင် စကားလုံးလှလှဖြင့် ဖုံးကွယ်တန်ဆာဆင်ပေးလိုက်ခြင်း ဖြစ်နိုင်၏။
            နောက်တစ်ချက်က ချစ်ခြင်းမယား ရည်းစားလူလုတာလို ခံရခက်သောဝေဒနာထဲတွင် ဝမ်းထဲက ရစ်ရစ်နာနေပြီး မအောင့်နိုင် မအည်းနိုင်ဖြစ်နေစဉ် စွန့်ပစ်စရာ နေရာရှာလို့ မတွေ့ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့သော အချိန်အခါမျိုးမှာ အိမ်သာတစ်လုံးကို တွေ့လိုက်ရလျှင် စိတ်ထဲမှာ ဘယ်လောက်ကြည်နူးသွားသည်ကို လူတိုင်းကြုံဖူးကြပါလိမ့်မည်။ ထို့ကြောင့်လည်း အိမ်သာမည်ပေသည်။ အိမ်သာဆိုသော ဝေါဟာရကို စတင်တီထွင်ခဲ့သူကို ချီးကျူးထိုက်ပါ၏။

☼      ☼      ☼ 
 
            ကျွန်တော်သည် ငယ်ငယ်ကတည်းက အိမ်သာကို စိတ်ဝင်စားခဲ့သည်။ ကလေးဘဝနောက်ဖေးကို အိုးကလေးနှင့် ထိုင်ခဲ့ရစဉ်က လူကြီးတွေလို အိမ်သာထဲ ဝင်ချင်လိုက်သည်မှာ ကျွန်တော်၏ အကြီးဆုံးရည်မှန်းချက်တွေထဲမှာ တစ်ခုအပါအဝင်ဟု ဆိုလောက်သည်။
            ပထမဆုံးအကြိမ် အိမ်သာထဲဝင်ထိုင်ခွင့် ရခဲ့စဉ်က စိတ်လှုပ်ရှားရမှုသည် ကျောင်းစတက်သောနေ့၊ ချစ်သူနှင့် စတွေ့ရသောနေ့ တို့နှင့် နှိုင်းယှဉ်နိုင်သည်။ ကျောင်းမှာ သူငယ်ချင်းနှင့်အတူ အိမ်သာတစ်ပေါက်တည်းမှာ ကျောချင်းကပ်ထိုင်ရင်း စကားတပြောပြော လုပ်ရခြင်းကိုလည်း ဘယ်တော့မှမမေ့။
            အလုပ်ကို အပြင်းအထန်လုပ်ခြင်း၊ စည်းစနစ်ကြီးခြင်းတို့တွင် အဖေ့အမွေကို မရရှိခဲ့သော်လည်း အိမ်သာတက်ရာမှာတော့ အဖေ့ခြေရာကို နင်းနိုင်သူဖြစ်လေသည်။ အဖေသည် အိမ်သာတက်လျှင် သတင်းစာတွေယူသွားပြီး ကုန်အောင်ဖတ်လေ့ရှိသည်။ နာရီဝက် တစ်နာရီကြာသည်။ နောက်ပိုင်း သတင်းစာတွေ စာမျက်နှာလျှော့လိုက်သောအခါ တိုင်း၊ နယူးစ်ဝိ မဂ္ဂဇင်းများဖြင့် အားဖြည့်ခဲ့သည်။
            ကျွန်တော်သည်လည်း အိမ်သာသွားလျှင် တစ်ခုခုတော့ဖတ်လိုက်ရမှ ကျေနပ်တတ်လေသည်။ ကျွန်တော့်အကျင့်က ဆေးလိပ် မသောက်ရသေးလျှင် အိမ်သာသွားချင်စိတ် မပေါ်။ သတင်းစာ မလာသေးလျှင်လည်း အိမ်သာဝင်လို့မရ။ မနေ့ကပိတ်ရက်မို့ ဒီနေ့သတင်းစာ မလာလျှင်လည်း အတော်ဒုက္ခရောက်သည်။ မဂ္ဂဇင်းဖြစ်ဖြစ်၊ တခြားစာအုပ်ဖြစ်ဖြစ် ဖတ်စရာတစ်ခုခုတွေ့လျှင် တော်သေးသည်။ ဘာမှဖတ်စရာမရှိလျှင် ကျွန်တော်ဝမ်းချုပ်သောနေ့ပင်ဖြစ်သည်။
            အိမ်သာထဲမှာ စာဖတ်ရခြင်းသည် ပက်လက်ကုလားထိုင်ပေါ်မှာ ဖတ်ရခြင်းလောက် သက်သောင့်သက်သာ မရှိတာမှန်သည်။ သို့ရာတွင် သူကလည်း တစ်မျိုးသောရသကို ဖြစ်ပေါ်စေသည်။
            ကျွန်တော် အိမ်သာသွားလျှင် လွတ်လွတ်လပ်လပ် နားအေးပါးအေး သွားချင်သည်။ အပြင်က ဆူဆူညံညံအသံတွေ ကြားနေလျှင် စိတ်မဖြောင့်။ တစ်ခါတစ်ရံ ည လူခြေတိတ်ချိန်ကျမှ စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေဖတ်ရင်း အိမ်သာဝင်ရတာကို သိပ် သဘောကျသည်။
            အိမ်သာတစ်လုံးအနေဖြင့် ကျွန်တော်အကြိုက်ဆုံး အနေအထားကား အိမ်နောက်ဘက် မလှမ်းမကမ်းရှိ မြေကွက်လပ်တစ်ခုတွင် ဝါးထရံကာ အထပ်သားမိုးထားသော ပုံစံဖြစ်သည်။ အိမ်သာသို့သွားရာ လမ်းကြောင်းကလေးသည် ကွေ့ကွေ့ကောက်ကောက်ကလေး။ စိန်ပန်း သို့တည်းမဟုတ် စွယ်တော်ပင် တစ်ပင်က အုပ်မိုးနေရမည်။ မိုးကလေး တဖြောက်ဖြောက်ရွာနေလျှင် ပိုကောင်းသည်။ ကျွန်တော် စိတ်ကူးဖြင့် ဆောက်ထားသော အိမ်သာကလေး တစ်လုံးပင်တည်း။

☼      ☼      ☼ 

လူတော်တော်များများသည် လူပျိုပေါက်၊ အပျိုပေါက်ဘဝက အိမ်သာထဲမှာ ရည်းစားစာ ခိုးဖတ်ခဲ့ဖူးကြပါလိမ့်မည်။ ရေမွှေးနံ့သင်းပျံ့သော၊ ပန်းပွင့်ပုံ၊ လိပ်ပြာပုံတို့ပါသော အပြာရောင်၊ အဝါရောင် စာရွက်ကလေးများသည် အိမ်သာနှင့် မလိုက်ဖက်လှသော်လည်း ထို့ထက်လုံခြုံ စိတ်ချရသောနေရာမရှိပြီ။
            ကျွန်တော်ငယ်စဉ်က ကဗျာ စရေးခါစတုန်းက တခြားလူတွေ မြင်မှာ၊ သိမှာကို ရှက်သည်။ ကျွန်တော့်ကဗျာတွေကို ဖတ်ပြီး ဟားတိုက်ရယ်မောကြမှာကို ကြောက်သည်။ ထို့ကြောင့် အိမ်သာထဲဝင်၍ ချစ်သူ၏ပါးပြင်မှ သနပ်ခါးမှုန့်အကြောင်း သွယ်လျသော လက်ချောင်းကလေးများနှင့် ရွှေဝါရောင် မွေးညင်းကလေးများ အကြောင်းကို ကဗျာ ရေးခဲ့လေသည်။
            ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ဆိုလျှင် လူကြီးတွေမသိအောင် အိမ်သာထဲမှာ ပန်းချီခိုးဆွဲရင်း လေ့ကျင့်ခဲ့ရသည် ဟု ပြောဖူးသည်။ ခုတော့ သူသည် နာမည်ကျော် ပန်းချီဆရာတစ်ယောက်ဖြစ်နေပြီ။ နောက်သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ကတော့ သူ့အတွက် လုံခြုံမှု၊ စိတ်ချရမှု၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိမှုတို့ကို ပေးခဲ့သော အိမ်သာကို ဂုဏ်ပြုသောအားဖြင့် အိမ်သာတစ်လုံး၏ အတွင်းပိုင်း ရှုခင်းပုံကို ဆီဆေးပန်းချီကားတစ်ချပ်အဖြစ် တခမ်းတနား ရေးဆွဲဂုဏ်ပြုခဲ့သည်။
            ကျွန်တော်သည် မီးရထားဖြင့် အကြိမ်ကြိမ် ခရီးသွားခဲ့ဖူးသည်။ တွဲသစ်၊ တွဲဟောင်း၊ တွဲအို မျိုးစုံအောင် စီးဖူးသည်။ ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်ခန်းတို့ကိုလည်း စုံအောင် စီးဖူးသည်။
            ရိုးရိုးတန်း ထိုင်ခုံများသည် ထိုင်ရတာ သက်သောင့်သက်သာမရှိ။ ညရထားဆိုလျှင် အိပ်ဖို့ အခက်အခဲရှိသည်။ အရမ်းအိပ်ချင် လွန်းတော့မှ ကြမ်းပြင်ပေါ် တစ်ခုခုခင်းပြီး မသက်မသာ အိပ်ရသည်။ တချို့ ရထားတွေကျတော့ ခုံတန်းနှစ်ခုကြားမှာပါ လူတွေ၊ ကုန်တွေ အပြည့်အသိပ်ပါလာတတ်သည်။ ထိုင်ရတာတောင် မလူးသာ မလွန့်သာ။
            အထက်တန်းတွဲတွေကျတော့ ဇိမ်ကျကျသွားနိုင်သည်။ ခုံတွေကကျယ်သည်။ တွဲသစ်က ခုံတွေဆိုလျှင် ဆိုဖာက အိအိစက်စက် ခုံတစ်ခုံတိုင်းမှာ ဆေးလိပ်ခွက်၊ စားပွဲငယ် အရှင်တစ်ခုပါသည်။ ရှေ့မှာ ခြေတင်စရာပါသည်။ အိပ်ချင်လျှင် ထိုင်ခုံနောက်မှီကို ပက်လက် ကုလားထိုင်လို လှန်ချလို့ရသည်။
            အိပ်ခန်းဆိုတာကတော့ ပြောစရာတောင်မလို၊ ကိုယ့်အခန်းနှင့်ကိုယ် လေးယောက်တစ်ခန်း၊ နှစ်ယောက်တစ်ခန်း သီးသီးသန့်သန့်၊ အိပ်ချင်လျှင် စင်ပေါ်တက်ပြီး အိပ်လိုက်ရုံပင်။ အိပ်မှာ အိပ်ရတာနှင့်မခြား။ တစ်ခုပဲကွာသည်။ ရထားက ဘယ်ညာယိမ်းထိုးနေသဖြင့် ပုခက်ထဲထည့်ပြီး ချော့သိပ်ခြင်းကို ခံရသလို ငြိမ့်နေသည်။ ရထားသံ ဂျုံးဂျုံးဂျက်ဂျက်ကလည်း စည်းဝါးကျကျ သီချင်းဆိုပြနေသလို အတော် စည်းစိမ်ကြီးလေသည်။
            ရိုးရိုးတန်း၊ အထက်တန်း ဘယ်လိုပဲကွာကွာ၊ တူညီတာတစ်ခုတော့ရှိသည်။ တွဲတိုင်း တွဲတိုင်းမှာရှိသော အိမ်သာများသည် ကြွေကျောက် ခြေနင်းခုံများနှင့် မြေပြင်ကို ဒိုးယိုပေါက်မြင်နေရသော ပြွန်ပေါက်တစ်ခု တပ်ထားသည်ချည်း ဖြစ်ခြင်းပင်။

            ☼      ☼      ☼ 

"ကျုပ်ကို အိမ်သာလို သဘောထားကြတယ်၊ အရေးကြုံမှပဲ သတိရတတ်ကြတယ်၊ ကိစ္စလဲပြီးရော အမြန်ဆုံး ပြန်ထွက် ချင်ကြတယ်၊ လှည့်ကြည့်ဖော်တောင် မရတော့ဘူး"
            ဥပမာဆောင်၍ ပြောတတ်ကြသည်။ လူတို့ကသာ အိမ်သာနှင့်နှိုင်း၍ ပြောကြသော်လည်း အိမ်သာကိုယ်တိုင်ကတော့ ဘယ်သောအခါမှ စိတ်မဆိုးတတ်ချေ။ သူ့ကို မေ့နေလို့လည်း စိတ်မနာ။ သူ့ဆီ ရောက်လာသူကိုလည်း စကားနာမထိုး။ အရေးပေါ် ရောက်ရှိလာသူတိုင်းကို သဘောထားကြီးစွာ ဆီးကြိုသည်ချည်း ဖြစ်သည်။
            အိမ်သာသည် မျက်နှာကြီးငယ် မလိုက်တတ်။ မည်သူ၏ ပစ္စည်းကို နေရာကောင်းကောင်းပေးမည်၊ မည်သူ့ပစ္စည်းတော့ ချောင်ထဲပို့ထားမည်ဟူ၍ မရှိချေ။
            သုဿာန်တွေမှာမှ နေရာကောင်း မကောင်း၊ တွင်းအတိမ်အနက် ခွဲခြားမှု ရှိတတ်သေးသည်။ မီးသဂြုဟ်ရာမှာလည်း အရိုးကျရုံလောက်သာ ရှို့ချင် ရှို့လို့ရသည်။ အရိုးပြာကို ပြန်လိုချင်လို့ ရသေးသည်။ အိမ်သာကတော့ မည်သူ၏ပစ္စည်းကိုမှ ပြန်လည် ထုတ်ပေးရိုး ထုံးစံမရှိ။
            အိမ်သာသည် တစ်ပါးသူ၏ရွံရှာဖွယ် အညစ်အကြေးမှန်သမျှကို ကြည်ဖြူစွာ လက်ခံသည်။ သူ့ကိုယ်သူ အညစ်အနွမ်းခံ၍ လူအများ၏ သန့်ရှင်းရေး၊ စိတ်ချမ်းသာရေးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ပေးသည်။
            သူသည် သစ္စာရှိသည်။ ရိုးသားသည်။ နားလည်တတ်သည်။ အနစ်နာခံသည်။ ခွင့်လွှတ်တတ်သည်။ အဆင့်အတန်းခွဲခြားမှု လုံးဝမရှိ။
            ကျွန်တော်သည် အိမ်သာတစ်လုံး အလိုရှိပါသည်။           ။

မင်းလူ
(ချယ်ရီမဂ္ဂဇင်း။     ။ သြဂုတ်၊ ၁၉၈၇။)



           

Thursday, December 23, 2010

အဓိကနဲ့ သာမည

အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်..အိပ်ရာခင်းကို..သပ်သပ်ရပ်ရပ်ခေါက်ထားပြီး..အားလုံးသန့်သန့်ရှင်းရှင်းဖြစ်နေတာမြင်တော့အံသြသွားသည်..
အိပ်ရာဘေးက..မှန်တင်ခုံပေါ်မှာ..စာအိတ်တခုထောင်ထားတာတွေ့သွားသည်။..အမေသို့..လို့ရေးထားသည်..။

သူမ..တုန်လှုပ်စွာဖြင့်..စာအိတ်ကိုဖောက်ပြီး..စာကိုဖွင့်ဖတ်လိုက်သည်...။

အမေ

သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ..... အရမ်းလည်းနောင်တရတယ်..... ၀မ်းလည်းနည်းတယ်..။ သမီး..... သမီးရည်းစားနဲ့ ခိုးရာလိုက်သွားပြီအမေ....... သမီးတော့..... တကယ့်ကိုသမီးချစ်တဲ့လူကိုတွေ့ပြီ... သူက.. သူရဲ့နားကွင်း..  ဆေးမင်ကြောင်နဲ့  သူဝတ်တဲ့..အ၀တ်အစားနဲ့..တကယ်ကိုပဲကြည့်လို့ကောင်းတယ်..။ ဒါပေမဲ့..သမီး.. သူ့နောက်လိုက်သွားတာ..ဒါတခုတည်းကြောင့် မဟုတ်ဘူး..အမေ.. သမီးမှာ.. ကိုယ်ဝန် ရှိနေပြီ..။ သူကပြောတယ်.သမီးတို့ပျော်ပျော်ရွင်ရွင်နေကြရမှာတဲ့..။ တောထဲမှာ..သူပိုင်တဲ့ တဲလေး ရှိတယ်တဲ့..။ သူက.. သမီးနဲ့အတူ.. ကလေးတွေအများကြီးလိုချင်တယ်တဲ့....။ သူကသမီးတို့.. ဆေးခြောက်တွေ..ကိုကင်းတွေကိုစိုက်ပြီး.. အသက်မွေးကြမယ်တဲ့လေ..။ အဲဒီ့အချိန်အတွင်းမှာ.. သမီးတို့ အေအိုင်ဒီအက်စ်ကို ကုလို့ရမယ့်ဆေးပေါ်လာပါစေလို့ ဆုတောင်းမယ်.. ဒါမှ.. သမီးရည်းစား မြန်မြန်သက်သာမှာ..။
သမီးတို့အတွက်.. စိတ်မပူပါနဲ့အမေ..။ သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ.. ကိုယ်ကိုယ့်ကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာ သမီးသိပါတယ်..။တနေ့နေ့ကြရင်.. အမေတို့ဆီ.. သမီးတို့ပြန်လာပြီး.. အမေ့မြေးလေး တွေကို..လာပြမှာပါ..

အမေ့ရဲ့..သမီး..
ဂျူလိုင်..

PS:
အမေ.. အပေါ်မှာရေးထားတာတွေ..တခုမှ..မဟုတ်ဘူးသိလား..။..သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ။...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က အံဆွဲထဲက report card ထက်..ပိုပြီးဆိုးရွားတဲ့..အရာတွေ ရှိတယ်ဆိုတာ..သိစေချင်လို့ပါ..။..သမီးအိမ်ပြန်လို့.. စိတ်ချရပြီးဆိုရင်..သမီးဆီ ဖုန်းဆက် လိုက်နော်......။

ခွပ်ဒေါင်းအက


ရွှေမင်သုတ်ထားတဲ့ စာသင်ခန်းတွေ
သင်းကွပ်ခံရတဲ့ ဗလာစာအုပ်တွေ
တလွဲဆံပင်ကောင်းနေတဲ့ ဦးနှောက်တွေ
အားလုံး အားလုံးဟာ
စနစ်တကျ မြေလှန်အသတ်ခံခဲ့ရ
ပြားသွားပြီဖြစ်တဲ့ ကမ္ဘာကြီးပေါ်
ဘယ်ကကြိုးနဲ့ 'က'ရမှာလည်း။

ကြည့်လိုက်စမ်းပါ ... ... ...
မပျယ်သေးတဲ့ ယမ်းငွေ့တွေကြား
ခွပ်ဒေါင်းအလံ တလွှားလွှားနဲ့
ဆန်တက်နေဆဲဝိညာဉ်တွေ
တိုက်ပွဲကို ကမ်းလင့်နေတယ်။

နားစွင့်လိုက်ပါ ... ... ...
သွေးညှီနံ့ တထောင်းထောင်းထဲက
" မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်" ဆိုတာ
ဖိနှိပ်ခံရခြင်းမှာ
ယဉ်ပါးဖို့ဗီဇ လုံးဝမပါတဲ့
သစ္စာရေမသောက်လည်း သစ္စာကြီးတဲ့
ခွပ်ဒေါင်းတို့ရဲ့ သင်္ကေတ။

အာဏာရှင်စစ်ဘီလူးတွေကို
ကြောက်ဒူးတုန်စေတဲ့ ခွပ်ဒေါင်းမျိုး
ဘယ်တော့မှ သမိုင်းမညှိုးဘူး။

အရိပ်ဆိုးကန့်လန့်ကာကိုရိုက်ချိုး
ရှေ့ကိုတိုးထွက်ခဲ့ကြ
ကမ္ဘာပြားကြီးရဲ့ဇာတ်ခုံပေါ်မှာ
မျက်နှာပန်းလှစေဖို့
ခွပ်ဒေါင်းမာန်ကိုသွင်း
ခွပ်ဒေါင်းဘဝ ခွပ်ဒေါင်းအလှ
ခွပ်ဒေါင်းအကနဲ့ 'က'။ ။

နေခိုင်
၂၂၊ ၈၊ ၂၀၀၈ (10း25 pm)

အညတရ ရာဇဝင်

ကဗျာမဆန် .... ဘာမဆန်နဲ့
ဒဏ်ရာကို ပန်းလိုပွင့်ကြည့်ချင်ခဲ့မိတာပါ
တကယ့် တကယ်မှာတော့
တစ်ဘဝလုံးကို ထွန်ယက်ပြီး
နှလုံးသားချည်းသက်သက် စိုက်ပျိုးဖို့ဆိုတာခက်တယ်
အနုပညာမမြောက် .... ဘာမမြောက်နဲ့
ကိုယ့်ရင်ခုန်သံကို ထွက်ပေါက်ပေးချင်နေခဲ့မိတာပါ
တကယ်တမ်းကြတော့
သံယောဇဉ် နယ်နမိတ်မျဉ်းတွေအောက်မှာ
ဘဝတစ်လျှောက်လုံးကို
လိုဏ်ခေါင်းလို တူးဖော်ဖို့ဆိုတာခက်တယ်
သူရဲကောင်းမဟုတ်.... ဘာမဟုတ်နဲ့
နောက်မဆုတ်စတမ်း
ဖောင်တွေကို စည်းမရှိ၊ ကမ်းမရှိ ဖျက်ဖျက်နေခဲ့မိတာပါ
တကယ်တမ်းကြတော့
ဘဝတလင်းနဲ့မမျှအောင်
အိပ်မက်တွေလည်း အကျအဆုံး တောင်လိုပုံနေခဲ့ပါပြီ..... ....
ဒီလိုနဲ့
လူကြီးလည်းမကျ လူငယ်လည်းမကတော့ စကောစကအရွယ်မှာ
မုန်တိုင်းလိုလည်း အားမပြင်း
လေပြည်လိုလည်း နူးညံ့ခြင်းမရှိတော့တဲ့ လေးတွဲ့မှုတွေနဲ့
သံသရာထဲ ဝဲကတော့ အမုန်းထိုးရင်း
ရင့်ကျက်မှုကွက်လပ်တွေကြား
သံဝေဂသီချင်းစာသားတွေ မလှမပ ... ... မရတရ
ပျားရည်ကို တရှိုက်မက်မက် မတပ်မက်လှတော့သလို
သစ်ကိုင်းခြောက်ကိုလည်း မလွှတ်ရဲသေးတဲ့ ဖက်တွယ်မှုလေးနဲ့
ထွက်ပေါက်ကို မရှာချင်တော့တာတောင်မှ
ရောက်တဲ့အရပ်မှာ ရပ်မနေချင်တဲ့
လူပီသ လိုစိတ်ကလေးက
ဘဝကို .... .... သားရဲတွင်းတစ်ခုလို
ဆွဲဆန့်ထားကြည့်မိတာပါ
လွှတ်လိုက်တိုင်း ကိုင်ထားတဲ့လက်ကို
ပြန်လာရိုက်ခတ်တတ်တဲ့ လောကဓံရယ်... ....
တစ်ခါတလေ အိမ်မပြန်ခင် ငါလည်း
ရောက်တဲ့အရပ်မှာ ရောက်ခဲ့ကြောင်း
သစ်ပင်တစ်ပင်မှာ စူးချွန်လေးနဲ့ခြစ်ပြီး
စာလုံးပေါင်းမှားနေမိတာပါ
ဒါ့အပြင် တခြားဘာမှမဟုတ်ပါဘူး။ ။


ငြိမ်းမောင်
ရယ်စရာမဂ္ဂဇင်း၊ အမှတ်(၁၀၅)၊ မေလ၊ ၂၀၀၄

Tuesday, December 21, 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာ ၃ ပုဒ်

လွတ်လပ်ငှက်

ကျမအိမ်….
ကျမမွေးဖွားခဲ့ရာ ပြုစုစောင့်ရှောက်ခံခဲ့ရာ
တချိန်က ချမ်းမြေ့သာယာ
အခုတော့ မှောင်မိုက်တုန်လှုပ်စရာအပြည့်။

ကျမမိသားစု…..
ကျမ အတူကြီးပြင်းခဲ့ရာ
တချိန်က လန်းဆန်းပျော်ရွှင်
အခုတော့ ကြောက်ရွံ့ခြောက်ခြားလျက်။
ကျမသူငယ်ချင်းများ…..
ကျမပေါင်းသင်းခဲ့ရာ
တချိန်က သန့်စင်ရွှင်ပြ
အခုတော့ နှလုံးသားကြေကွဲ အသက်ရှင်။

လွတ်လပ်ငှက်….
လွတ်မြောက်ခါစ
တချိန်က လှောင်ချိုင့်ထဲ
အခုတော့ သံလွင်ခက်ချီ ပျံသန်းနေ
ကျမချစ်တဲ့နိုင်ငံအတွက်။

လွတ်လပ်တဲ့ဗမာပြည်ဆီပျံနေတဲ့ လွတ်လပ်ငှက်ပါ။

ဒေါ်အောင်ဆန်းစုကြည်
၁၉၈၉




တိတ်ဆိတ်မြေ

တိတ်ဆိတ်မြေမှာ ဘယ်သူမှမပြောနိုင်တာက
တစ်ယောက်ကများ ချောင်းနားထောင်နေမလား
လျှို့ဝှက်ချက်တွေ ပြန်ရောင်းနိုင်ဖို့လေ။
သတင်းပေးတို့ကို နိုင်ငံ့သွေးနဲ့တန်ဖိုးသင့်ပေး
ဒီတော့… … မင်းဆိုးတို့မကြိုက်တာကို ဘယ်သူမှမပြောရဲ။

မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေလေးမှာလေ
ရယ်မောသံ တိတ်၊ အတွေးအမြင် ဆိတ်၊
ဟောဒီ မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာ
ဆိတ်ငြိမ်နေတဲ့လူထုကြီးအတွင်းက တိတ်ဆိတ်ခြင်း
အသံကိုကြားနိုင်

တိတ်ဆိတ်မြေမှာ ဘယ်သူမှမပြောနိုင်တာက
စစ်သားတွေ ဘယ်အချိန်လာပြီး
မ, သွားမလဲ။
တရုတ်က လမ်းရချင်၊ ပြင်သစ်က ရေနံလိုချင်နဲ့၊
ယိုးဒယားက သစ်ယူ၊ နဝတ က ခိုးရာပါပစ္စည်းတွေ
ယူနဲ့ … …

တိတ်ဆိတ်မြေမှာလေ … …
တိတ်ဆိတ်မြေမှာ၊ ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့ တိတ်သွားတဲ့အသံ
နောက်ပြီး အကြောက်တရားနဲ့ ပိတ်ဖုံးထားတဲ့အသံ။
ဘယ်လိုပင် ဇွတ်အတင်းလုပ်လုပ်၊ လွတ်လပ်မှုဆိုတဲ့အသံကို

လူလိမ်လူညာတို့ မတုပနိုင် မှိန်ပျောက်သွားအောင်
ဖုံးမပစ်နိုင်ပေါ့။

ဒေါ်အောင်ဆန်းစုကြည် ၁၉၉၆


ဘာကြောင့်တိုက်

မနှစ်တုံးက ငါ့အဖေကို သူတို့သတ်ခဲ့
ပြီးတော့ … … ငါ့တဲကိုမီးရှို့
“ဘာကြောင့်… ငါ့ကိုမှ ဒီလိုလုပ်ရတာလဲ” မြို့ကြီး
သားတွေကိုမေးလဲ သူတို့လှည့်မကြည့်
“မသိဘူး၊ ကိုယ့်ဟာကိုယ် အေးအေးနေ”တဲ့။
တနေ့ ငါမူလတန်းကျောင်းက အိမ်ပြန်အလာ၊
ငါ့အစ်မ အသက်မဲ့၊ သွေးအိုင်ထဲမှာ။

ဘာဖြစ်တာလဲ၊ မေးဖို့လိုက်ရှာ၊
တယောက်ယောက်များသိလေမလား
သွေးလွှမ်းတဲ့ အိမ်ခန်းကလွဲပြီး ဘယ်သူမှမတွေ့
ရွာလယ်လမ်းပေါ် ငါတစ်ယောက်ထဲလျှောက်ပြေး
ဘယ်သွားရမှန်းမသိပေမယ့် ဆရာမဆီခြေဦးလှည့်မိ
ငါ့အသိကိုရှင်းပေးနိုင်တာ သူတစ်ယောက်ထဲလို့
နားလည်ထား
သို့သော် ဒီတခါတော့ သူမတတ်နိုင်၊ အထူးအဆန်း
ကိစ္စတွေ ကြောက်ရွံ့စွာပြောပြ။
ဘာဖြစ်လို့လဲ ဆရာမရယ်၊ ဘာဖြစ်လို့လဲ ….. ဘာ …..
ဘာဖြစ်လို့လဲ…
ငါ့မှာ အဖေလဲမရှိတော့၊ အစ်မလဲမရှိတော့။
ဆရာမပြောတော့
ငါ့ကိုကောင်းရာညွှန်လတ် အတတ်သင်စေမယ်ဆိုတာ
ညာပြောတာလားဟင်။
ဒီတခါ မျက်ရည်တွေကျရင်း ဆရာမထပ်ပြော…
“ကြီးလာအောင်သာလုပ်စမ်းပါ … လူကလေးရယ်၊
ဒို့အားလုံး အသက်ငင်နေကြတာ မတွေ့ဘူးလား။
မင်းကြီးလာတာနဲ့တခါတည်း ဒီဥစ္စာကို အင်နဲ့အားနဲ့
တားပစ်လိုက်၊
ဘာလို့လဲဆိုတော့ ဒို့အားလုံးခံနေရတာမို့”။

ဒေါ်အောင်ဆန်းစုကြည်
၁၉၉၉

လိုအပ်ချက်

ဘယ်လောက်ပဲ စိတ်နဲ့ကိုယ် ပင်ပန်းနေပါစေ
လမင်းရဲ့အရိပ် … လမင်းရဲ့သံစဉ်ကို
မြင်တွေ့ကြားသိလိုက်ရင်ဖြင့်
နွမ်းသမျှ အကုန်ပျောက်
ဦးနှောက်ထဲက ဒုက္ခများ
အကုန်ငြိမ်းအေးသွားတယ်။

ရှေ့ဆက်ရမယ့်ခရီးမှာ
တစ်စင်းထဲသော လမင်းလေးမရှိရင်
မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့်
ဘယ်လိုလုပ် ပြည့်စုံနိုင်ပါ့မလဲ … … …

လမင်းလေး … … … …
အရောင်ခြောက်မျိုးသော ဦးထုပ်တွေကိုဆောင်းပြီး
သာမာန်ထက် ပိုဖြောင့်ဖြူးတဲ့ခရီးကို
အတူတူ လျှောက်ကြစို့လေ။    ။

7:50 PM
November 26, 2010

I Wish You Enough

Recently, I overheard a mother and daughter in their last moments together at the airport. They had announced the departure.

Standing near the security gate, they hugged, and the mother said, "I
love you, and I wish you enough."

The daughter replied, "Mom, our life together has been more than
enough. Your love is all I ever needed. I wish you enough, too, Mom."

They kissed, and the daughter left. The mother walked over to the
window where I was seated. Standing there, I could see she wanted and needed to cry. I tried not to intrude on her privacy, but she welcomed me in by asking, "Did you ever say good-bye to someone knowing it would be forever?"

Yes, I have," I replied. "Forgive me for asking, but why is this a
forever good-bye?"

"I am old, and she lives so far away. I have challenges ahead, and the
reality is - her next trip back will be for my funeral," she said.

"When you were saying good-bye, I heard you say, 'I wish you enough.'
May I ask what that means?"

She began to smile. "That's a wish that has been handed down from
other generations. My parents used to say it to everyone." She paused a moment and looked up as if trying to remember it in detail, and she smiled even more. "When we said, 'I wish you enough,' we were wanting the other person to have a life filled with just enough good things to sustain them."

Then, turning toward me, she shared the following as if she were
reciting it from memory.

I wish you enough sun to keep your attitude bright no matter how gray
the day may appear.

I wish you enough rain to appreciate the sun even more.


I wish you enough happiness to keep your spirit alive and everlasting.


I wish you enough pain so that even the smallest of joys in life may
appear bigger.

I wish you enough gain to satisfy your wanting.


I wish you enough loss to appreciate all that you possess.


I wish you enough hellos to get you through the final good-bye.


Then, she began to cry, and walked away.


They say, it takes a minute to find a special person, an hour to
appreciate them, a day to love them, but an entire life to forget them.

* Only if you wish, send this to the people you will never forget, and
remember to send it back to the person who sent it to you. If you don't send it to anyone, it may mean that you are in such a hurry that you have forgotten your friends.

TAKE TIME TO LIVE.....


To all my friends and loved ones,


I WISH YOU ENOUGH......

အနာဂတ၀ံသ သို့မဟုတ်

အရာအားလုံးက လှလို့နေတယ်။ လမ်းမများပေါ်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်တုန်းကတော့ မမီလိုက်လို့ မသိဘူး။ စာရေးသူတစ်သက်မှာတော့ ပြည်သူတွေ ဒီလောက်ပျော်ရွှင်နေကြတာ၊ လွတ်လပ်စွာသွားလာပြောဆိုနေကြတာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ မြန်မာ့အလင်း နဲ့ ကြေးမုံသတင်းစာကြီး နှစ်စောင် ကလဲ အရင်ကနဲ့မတူ၊ တစ်မူထူးဆန်းလို့။ လွတ်လပ်ရေးအောင်ပွဲကို တခမ်းတနားဖော်ပြလို့။ ခေါင်းကြီးပိုင်း မှာကြည့်ပါအုံး။ မျက်နှာဖုံးမှာကြည့်ပါအုံး။ ပြောရရင် ဘယ်နေရာမှာမှ ဟိုတုန်းက အမြဲတမ်းပါနေခဲ့တဲ့ အော့ကြောလန်ပုံတွေ မတွေ့ရတော့ဘူး။ ပြည်သူတွေဟာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ တင်ပြခွင့်ကို ရလို့ အကျေနပ်ကြီး ကျေနပ်နေကြတယ်။
သတင်းစာတွေကရော၊ ဂျာနယ်တွေကရော၊ မဂ္ဂဇင်းတွေကရော ပြည်သူတွေရဲ့ ရဲရဲတောက်တိုက်ပွဲ တွေကို ဖော်ကျူးထားတာတွေ့ရတယ်။ ဟိုတုန်းက မဖော်ပြခဲ့ရတဲ့ အခွင့်အရေးတွေကို အပြည့်အ၀အသုံးချတဲ့ အနေနဲ့ စာအုပ်တိုင်းမှာ၊ စာစောင်တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ပုံတွေကို ဝေေ၀ဆာဆာ တင်ပြထားကြတယ်။ “ပြည်သူ့အား”ဆိုတဲ့ ဂျာနယ်မှာဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံး တင်ထားတယ်။ တစ်ချို့စာစောင်တွေမှာတော့ စစ်အစိုးရရဲ့ ကလိမ်ကကျစ်ကျခဲ့ပုံတွေ၊ ညစ်နည်းမျိုးစုံနဲ့ ညစ်ခဲ့တာတွေကို အခန်းဆက် ဖော်ပြနေကြတယ်။
ဂျာနယ်တိုင်းလိုလိုမှာ တွေ့ရတာက “အာဏာရှင် သန်းရွှေ၊ မောင်အေးနဲ့ ရာဝဇတ်ကောင်များအား အမြန်ဆုံး တရားစီရင်ဖို့” တိုက်တွန်းတောင်းဆိုနေကြတာတွေ့ရတယ်။ မနေ့ကတောင် မြို့တော်ခန်းမရှေ့မှာ လူတွေတိုးကြိတ် နေတာတွေ့လို့ သွားကြည့်မိသေးတယ်။ ဆိုင်းဘုတ်တွေ၊ ဗန်ဒါတွေ ကိုယ်စီကိုင်လို့။ ဆိုင်း ဘုတ်တွေ၊ ဗန်ဒါတွေပေါ်မှာလဲ “သန်းရွှေ အာဏာရူး ကြိုးပေး”၊ “မောင်အေး သေဒဏ်”၊ “၈၈ သတိရလား”၊ “ဒီပဲယင်းကို ရောက်ဖူးလား”။ စတဲ့ စာသားတွေနဲ့ပေါ့ဗျာ။ ပြည်သူတွေရဲ့ အမြင်မှာတော့ အရမ်းကို ထူးဆန်း နေတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းမပေါ်ထွက် ဆန္ဒပြရင် သေနတ်နဲ့ပစ်၊ နံပါတ်တုတ်နဲ့ရိုက်လိမ့်မယ်လို့ ထင်နေကြတာလေ။ ခုတော့ ဆန္ဒပြတဲ့သူတွေကလဲ အေးအေးဆေးဆေး၊ လုံခြုံရေးတွေကလဲ ဘေးကနေ အေးဆေးစွာ လိုက်ပါနေကြတယ်။ အမြင်က တော်တော့်ကိုဆန်းနေတယ်။
“၀မ်းသာလိုက်တာဗျာ၊ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး၊ ကျွန်တော်မျှော်လင့်ခဲ့တဲ့နေ့ရက်က ခုဆို တကယ့်ကို အကောင်အထည်ပေါ်လာခဲ့တယ်နော်၊ ကျွန်တော်ဖြင့် ယုံကို မယုံနိုင်လောက်အောင် ဖြစ်နေတယ်”။ သူငယ်ချင်းတစ်ယောက်က မျက်ရည်လဲ့လဲ့နဲ့ ပြောတယ်။ တစ်ယောက်ကဆို ရှိုက်ကြီးတငင် ငိုရင်းနဲ့ ပြောတယ်။ “သေချာနားထောင်စမ်းပါဗျာ၊ ဟိုလဘက်ရည်ဆိုင်မှာ ဖွင့်နေတာကို၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မဟုတ်လား၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကျေးဇူးရှင်ရဲ့အသံကို အရင်က ခိုးကြောင်ခိုးဝှက် နားထောင်ခဲ့ရတာ၊ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ကျေးဇူးရှင်များအကြောင်းရေးထားတဲ့ စာအုပ်တွေကို ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတယ်၊ ခုတော့…ဗျာ လဘက်ရည်ဆိုင်မှာကို ဖွင့်သံကြားရလို့ ကျွန်တော်ဘယ်လို ခံစားရမှန်းကို မသိတော့ဘူး”။
လူတွေက တော်တော်စုံနေပြီ။ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ အပြုံးပန်းတွေဆင်ထားတဲ့ လူအုပ်ကြီး။ ရင်ပြင်တစ်ခုလုံး ပြည့်နှက်လို့ပေါ့။ လမ်းတစ်လျှောက်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များကို ဂုဏ်ပြုတဲ့ သီချင်းများကို သီဆိုလို့။ အဲ..ကျွန်တော်တို့အားလုံး နှစ်သက်ခဲ့တဲ့ မွန်းအောင်ရဲ့သီချင်းတွေကလဲ တိုင်းပြည်အနှံ့ ပြည်လည် ဆန်းသစ်လို့။ “ဟေ့ကောင် ဆင်းလေကွာ၊ ရောက်ပြီဟ”။ သူငယ်ချင်းက သတိပေးမှ ပြည်သူ့ရင်ပြင်ရှေ့ကို ရောက်နေပြီဆိုတာကို သိရတယ်။ မိန့်ခွန်းကစနေပြီ။ အခမ်းအနား ဖွင့်တာတောင် မမီလိုက်ဘူး။
“ကျွန်မတို့ ဒီနေ့ဟာ ပြည်သူ့အောင်ပွဲ (၃) လပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့လို နေ့မျိုးကို နှစ်ပေါင်းများစွာ စောင့်ခဲ့ကြရတယ်။ ဒီလို နေ့မျိုးကိုရောက်ဖို့ အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။ မိသားစုပေါင်းများစွာ ဝေးလွင့်ကွဲထွက်ခဲ့ရတယ်။ ဒီလို လွတ်လပ်တဲ့ နေ့မြတ်ကိုရောက်ဖို့ အသက်ပေါင်း များစွာဟာ လမ်းမထက်မှာ ပျောက်ဆုံးခဲ့ရတယ်။ ချစ်စွာသော မိသားစုများစွာရဲ့အတွင်းမှာ သံတိုင် တွေ၊ အုတ်တံတိုင်းနံရံတွေ အများကြီး ခြားနားခဲ့ရတယ်။ သံတိုင်တွေကြားထဲမှာ လူမဆန်စွာ ပြုကျင့် ခံရလို့ မျက်စိကွယ်သူကွယ်၊ ခြေလက်ကျိုးသူကျိုးနဲ့ ဒုက္ခိတဖြစ်သူတွေ အများကြီး ဖြစ်ခဲ့ရတယ်။
ကျွန်မ ပြောချင်တာက ဒီလွတ်လပ်ရေးဟာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ “ဒီမိုကရေစီ ဘယ်နေ့ ရမလဲလို့ ကျွန်မကို မေးကြတယ်၊ ဒီမိုကရေစီရချင်ရင် လူတိုင်းဝင်လုပ်ရမယ်”လို့ အရင်က ကျွန်မပြောခဲ့ဖူး သလိုပဲ အခုအားလုံးဝင်ပြီး အလုပ်လုပ်ကြလို့ ဒီမိုကရေစီရလာခဲ့ပါပြီ။ ဒါကြောင့် ဒီလို ခက်ခက်ခဲခဲနဲ့ ရယူခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်မဆုံးရှုံးအောင် ကျွန်မတို့ ကြိုးစားကြရမယ်။ ဒီလို ကြိုးစား တဲ့ နေရာမှာ ပြည်သူတွေက အဓိကပါပဲလို့ ကျွန်မ ဒီနေရာကနေ အသိပေးချင်ပါတယ်။
ဒီနေရာကနေ ပြည်သူလူထုကြီးကို ကျွန်မအနေနဲ့ အထူးပြောပြချင်တာက အခု ကျွန်မတို့ဟာ ဘက်ပေါင်း စုံက ချွတ်ခြုံကျနေတဲ့ ကျွန်မတို့နိုင်ငံကြီးကို ပြည်လည်ထူထောင်ရမယ်။ လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်ရမယ်။ အကျင့်ပျက်ခြစားနေတဲ့ ၀န်ထမ်းတွေကိုလဲ ကျွန်မတို့ ပြုပြင်ရမယ်။ အများကြီးပါပဲ။ ဒါကို ကျွန်မတို့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတာကို ဒီနေရာကနေ ကတိပေးပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ကျွန်မပြောချင်တာက ကျွန်မတို့ကတော့ အကောင်းဆုံးဆိုပြီးတော့ လုပ်တာပဲ။ ဒါပေမယ့် ပြည်သူတွေရဲ့အမြင်မှာ လမ်းစဉ်ဟာ မှားနေပြီ၊ ကျွန်မလုပ်တာ တရားမျှတမှု မရှိဘူး၊ ပုံမကျဘူးလို့ ခံစားရရင် စိတ်ထဲမှာ မြုံမထားပါနဲ့၊ ကျွန်မတို့သိအောင် ဆန္ဒပြပွဲများ ကျင်းပ၍ ဖြစ်စေ၊ ဂျာနယ်၊ မဂ္ဂဇင်းများကဖြစ်စေ ဖော်ပြနိုင်ပါတယ်။ အဲဒီလို လွတ်လပ်စွာ တင်ပြကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။
နောက်ပြီး ကျွန်မတို့ အထက်က လူကြီးတွေ လုပ်ပုံကိုင်ပုံအချိုးမကျရင်လဲ ဝေဖန်ပေးကြပါ၊ ထောက်ပြ ကြပါ။ ကျွန်မ အဲဒါကိုလဲ ပြည်သူလူထုကြီးကို မေတ္တာရပ်ခံပါတယ်။ နောက်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြတဲ့ ပညာရှင်များ၊ စာရေးဆရာများနဲ့ကဗျာဆရာများအားလုံးကိုလဲ ကျွန်မပြောပါရစေ၊ ရှင်တို့ အမြင်တွေ၊ အတွေး တွေကို ထိမ်ချန်မထားကြပါနဲ့။ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ရေးကြပါ၊ သားကြပါ။ ကျွန်မကို ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အထက်လူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံ အချိုးမပြေတာကိုပဲဖြစ်ဖြစ် ရှင်တို့ အနေနဲ့ ဘာမှ အဆီးအတားမရှိ ဝေဖန်နိုင်ပါတယ်၊ အကြံပြုနိုင်ပါတယ်၊ တင်ပြဆွေးနွေးနိုင်ပါတယ်။ “ရှင်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါ ခေါင်းဆောင်ပဲ၊ ငါလုပ်ချင်ရာ လုပ်မယ်”ဆိုတဲ့ သဘောမျိုး ကျွန်မမှာ အလျဉ်းမရှိဘူး ဆိုတာကို ကျွန်မ ဒီနေရာကနေ အတိအလင်းပြောပါတယ်။
နောက်ပြီး ကျွန်မအဖေ ပြောခဲ့တဲ့အတိုင်း ကျွန်မပြောချင်ပါသေးတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် အကောင်းဆုံး ပေးဆပ်ပြီး အလုပ်လုပ်မယ်၊ ကျွန်မစွမ်းနိုင်သမျှလုပ်မယ်၊ စွမ်းအားရှိသမျှ ကျွန်မရဲ့ အသက်အသွေးတွေနဲ့ပေါင်းစပ်ပြီး တိုင်းပြည်အတွက် ကျွန်မလုပ်ခဲ့မယ်။ ပြည်သူတွေအထဲက မွန်ဖြစ် ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်၊ ကချင်၊ ချင်း၊ ကယား….ဘယ်လူမျိုးထဲကပဲဖြစ်ဖြစ် ကျွန်မထက်ပိုပြီး တိုင်းပြည်အတွက် အလုပ်လုပ်နိုင်လိမ့်မယ်လို့ ယူဆသူရှိရင် ထွက်ခဲ့ပါ။ ကျွန်မ ချက်ချင်းဆင်းပေးပါ့မယ်။ ဒါကိုလဲ ပြည်သူလူထုကြီးရှေ့မှောက်မှာ ကျွန်မ အတိအလင်း ပြောပါတယ်………………………… …………… ………………………………………”။
“ဘာလို့ မျက်ရည်ကျနေရတာလဲကွာ” သူငယ်ချင်းကမေးမှ သတိပြန်ဝင်လာတယ်။ သတိဝင်လာမှ ကြည့်လိုက်တော့ အားလုံးရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေ အရွဲသားနဲ့။ တစ်ချို့ဆို မိန့်ခွန်းပြီးတာနဲ့ ရှိုက်ကြီးတငင်ငိုရှိုက်လို့နေတယ်။ ၀မ်းသာပီတိမျက်ရည်များ။ မိန့်ခွန်းပြီးလို့ ပြန်လည်ထွက်ခွါနေကြတဲ့ ပြည်သူလူထု မြင်ကွင်းကြီးကိုကြည့်ရင်း ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့လို့ ကျွန်တော် ရှိုက်ကြီးတငင်ကို ငိုရှိုက်မိခဲ့တယ်။
ကျွန်တော့်ဘ၀မှာ ဒီလောက်ရှိုက်ကြီးတငင် မငိုခဲ့ဖူးသလို ဒီလောက်လဲ ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဖူးဘူး။
ကောင်းကင်က ညွတ်ခွေအိကျပြီး ကျွန်တော်တို့နဲ့အတူ ရှိနေတယ်။ အပြာရောင်ကောင်းကင်မှာ တိမ်စိုင်အိအိ အချို့က ဟိုတိုးဒီရွေ့နဲ့ ပျော်ရွှင်မြူးထူးနေကြတယ်။ ကျွန်တော်တို့လဲ တိမ်စိုင်တွေနဲ့အတူ က,လို့ပေါ့။ စီးလာတဲ့ကားက အာဇာနည်ကုန်းနားအရောက် လမ်းဘေးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုစတာအကြီးကြီးကို ကြည့်ပြီး “ယား”နဲ့အော်သွားတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ ကျွန်တော်ကလည်း သံယောင်လိုက်ပြီး ယား…နဲ့ လိုက်အော်လိုက်တော့ ကားတစ်စီးလုံး ပွဲကျခဲ့တယ်။ မြူးလို့ပျော်လို့။
………………………………………
ကျွန်တော်အိပ်ယာကနိုးတော့
အိပ်ယာတစ်ခုလုံး မျက်ရည်တွေ၊ ချွေးတွေနဲ့ ရွှဲစိုနေတယ်။
အဲဒီနေ့တစ်နေ့လုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ရှိုက်ကြီးတငင်ငိုနေခဲ့တာက ကျွန်တော်တစ်ယောက်ထဲရယ်ပါ။
လွင်ပြင်ရိုင်း
11, 5, 2008

ကိုယ့်ကိုယ်ကို ပြန်ဖတ်ခြင်း

အိမ်ပြန်ချင်တယ်ဆိုတာကလည်း
မေမေ့ပါးပြင်ကို နမ်းချင်ရုံသက်သက်။

အိမ်မပြန်ဖြစ်တာကလည်း

ကိုယ့်ဒေါသနဲ့ကိုယ်၊
ကိုယ့်ကြောက်စိတ်နဲ့ကိုယ်။

မေ့ဖို့ခက်တဲ့ အကြောင်းအရာတွေ

တစ်မျိုးမျိုးပြီး တစ်မျိုး တိုး …. တိုးလာခဲ့သလို
နာကျင်မှုတွေက အချိုးညီမျှစွာများလာခဲ့။

ငိုချင်လို့ မျက်ရည်ကျတာကို

ရှက်စရာအဖြစ် မသတ်မှတ်တော့ဘဲ
အပူရုပ်ကို ဟန်လုပ်ပြုံးတတ်ဖို့
နှလုံးသားထက်က အသားမာတွေကို
ဘယ်သူမှလည်း မမေးခဲ့ပါဘူး
မေးခဲ့လည်း မဖြေချင်ပါဘူး။

ည ဆိုတာ အိပ်ဖို့သက်သက်မဟုတ်မှန်း

သိခဲ့ပြီးနောက်မှာတော့
အိပ်ပျော်အောင်ကြိုးစားရတယ်
အရုဏ်အလင်းစက်ကို မျှော်ရတယ်။

အဆိုးကိုပဲ မြင်တတ်နေပြီလားလို့

အခါခါပြန်မေးရင်း တစ်ကိုယ်ရည်စိုးထိတ်မှုကို
ဖော့ဖော့လေး ဖြေတွေးခြင်းမှာ
ငယ်စဉ်ဘဝသမိုင်းကြောင်းက
ခွက်ထိုးခွက်လန်ရယ်ရင်း
ပြစ်ပြစ်နှစ်နှစ် ရှုတ်ချလိုက်တယ်။


နေခိုင်
April 21, 2010
2:57 PM

ဖြစ်တည်ခြင်း

တစ်ကွေ့ပြီး တစ်ကွေ့
စိန်ခေါ်မှု အသစ် အသစ်တွေနဲ့
"တက်"ပေါင်းလည်း တော်တော်စုံနေပြီ။

ကိုယ်တွင်း ကိုယ်ပ မှာလည်း
မြင်အပ်၊ မမြင်အပ်သော ဒဏ်ရာတွေက အထပ်ထပ်။

မမြဲခြင်းတရားထဲမှာ
အခုထိမြဲနေတဲ့
ငါ့ရဲ့အတ္တနဲ့ မာနစွဲတွေ၊
နေချင်သလို နေချင်တဲ့အရိုင်းစိတ်၊
အဖိတ်အစဉ်များခဲ့သော ချစ်ခြင်းများ ... ... ...
အရာအားလုံးက မစီစဉ်ခဲ့ဘဲ
အံဝင်ဂွင်ကျဖြစ်ခဲ့တယ်။ ။

1:15 PM
June 20, 2010 (Sunday)

ကြိုး

တချို့ကို ဝေးနေလည်း မြင်နေရတယ်
တချို့ကိုကျတော့ မြင်နေလျက်နဲ့ ဝေး
အဲသလို ပြဿနာတွေကို
သိသိကြီးနဲ့ အဖြေမရှာတတ်ချင်ခဲ့ရင်း
အဖြေမရှာချင်ခဲ့ရင်း
ကပ်သီးကပ်ဖဲ့ ပျင်းတိပျင်းရွဲ
တောင်မရောက် မြောက်မရောက်
ဟိုလိုလိုဒီလိုလို ဂွကောင်ဘဝကို
၃၅ပတ်ကျော်အောင် တရွတ်ဆွဲမောင်းနှင်ခဲ့။
အဲဒီလိုကောင် ဘယ်လိုဆိုးဆိုး ဘယ်လိုကောင်းကောင်း
ဘယ်လိုမိုက်မိုက် ဘယ်လိုတော်တော်
ဘယ်သူပဲလက်ခံခံ ဘယ်သူပဲရှုံ့ချ ရှုံ့ချ
အဲဒီလောကဓံတွေကို အရေးမစိုက်ဘဲ
မေမေကတော့ သားဆိုးကြီးကို
ချစ်မြဲ ချစ်နေလျက်ပဲ။

အောက်တိုဘာလ (၇)ရက်၊ ကြာသပတေးနေ့ ၂၀၁၀ ခုနှစ်တွင် ကျရောက်မည်ဖြစ်သော (၆၁) နှစ်မြောက် မေမေ့ မွေးနေ့အတွက် အမှတ်တရ။


မှန်

လိုချင်တာတွေကို
အလျင်မမှီတတ်တာ
ငါ့ကြောင့်တဲ့လား … … …

လူတွေရဲ့ … … …
လောဘကြီးတာ မဟုတ်ဘူးလား၊
သည်းခံနိုင်စွမ်းနည်းတာ မဟုတ်ဘူးလား၊
သတ္တိမရှိတာ မဟုတ်ဘူးလား၊
ကြံရည်ဖန်ရည်မရှိတာ မဟုတ်ဘူးလား၊
မရောင့်ရဲတတ်တာ မဟုတ်ဘူးလား၊
မတန်မရာမှန်းတာ မဟုတ်ဘူးလား၊
လိုက်လျောညီထွေမနေတတ်တာ မဟုတ်ဘူးလား၊
အားကိုချင်တာ မဟုတ်ဘူးလား၊
မပြတ်သားတာ မဟုတ်ဘူးလား၊
သင့်လျော်မှုကိုမသိတာ မဟုတ်ဘူးလား၊
ကိုယ့်မျက်ချေးကို ကိုယ်မမြင်တာ မဟုတ်ဘူးလား၊
အားငယ်လွယ်တတ်တာ မဟုတ်ဘူးလား၊
မာနလွှမ်းတာ မဟုတ်ဘူးလား၊
သံသယတွေများလွန်းတာ မဟုတ်ဘူးလား။

ဂင်္ဂါဝါဠု သဲစုမကအောင်
ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်တွေကို
နည်းနည်းလေးမှ အတုမယူ
အားမကျကြဘဲနဲ့
ဒုက္ခတွေ့တိုင်း င့ါကိုပဲတရားခံရှာ
အပြစ်ဖို့တတ်သူတွေ
ငါ့မေးခွန်းကို ပြန်ဖြေကြ။     ။


နေခိုင်
၁၈၊ ၁၂၊ ၂၀၁၀
7:53 AM