ကဗျာ

Tuesday, December 21, 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာ ၃ ပုဒ်

လွတ်လပ်ငှက်

ကျမအိမ်….
ကျမမွေးဖွားခဲ့ရာ ပြုစုစောင့်ရှောက်ခံခဲ့ရာ
တချိန်က ချမ်းမြေ့သာယာ
အခုတော့ မှောင်မိုက်တုန်လှုပ်စရာအပြည့်။

ကျမမိသားစု…..
ကျမ အတူကြီးပြင်းခဲ့ရာ
တချိန်က လန်းဆန်းပျော်ရွှင်
အခုတော့ ကြောက်ရွံ့ခြောက်ခြားလျက်။
ကျမသူငယ်ချင်းများ…..
ကျမပေါင်းသင်းခဲ့ရာ
တချိန်က သန့်စင်ရွှင်ပြ
အခုတော့ နှလုံးသားကြေကွဲ အသက်ရှင်။

လွတ်လပ်ငှက်….
လွတ်မြောက်ခါစ
တချိန်က လှောင်ချိုင့်ထဲ
အခုတော့ သံလွင်ခက်ချီ ပျံသန်းနေ
ကျမချစ်တဲ့နိုင်ငံအတွက်။

လွတ်လပ်တဲ့ဗမာပြည်ဆီပျံနေတဲ့ လွတ်လပ်ငှက်ပါ။

ဒေါ်အောင်ဆန်းစုကြည်
၁၉၈၉




တိတ်ဆိတ်မြေ

တိတ်ဆိတ်မြေမှာ ဘယ်သူမှမပြောနိုင်တာက
တစ်ယောက်ကများ ချောင်းနားထောင်နေမလား
လျှို့ဝှက်ချက်တွေ ပြန်ရောင်းနိုင်ဖို့လေ။
သတင်းပေးတို့ကို နိုင်ငံ့သွေးနဲ့တန်ဖိုးသင့်ပေး
ဒီတော့… … မင်းဆိုးတို့မကြိုက်တာကို ဘယ်သူမှမပြောရဲ။

မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေလေးမှာလေ
ရယ်မောသံ တိတ်၊ အတွေးအမြင် ဆိတ်၊
ဟောဒီ မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာ
ဆိတ်ငြိမ်နေတဲ့လူထုကြီးအတွင်းက တိတ်ဆိတ်ခြင်း
အသံကိုကြားနိုင်

တိတ်ဆိတ်မြေမှာ ဘယ်သူမှမပြောနိုင်တာက
စစ်သားတွေ ဘယ်အချိန်လာပြီး
မ, သွားမလဲ။
တရုတ်က လမ်းရချင်၊ ပြင်သစ်က ရေနံလိုချင်နဲ့၊
ယိုးဒယားက သစ်ယူ၊ နဝတ က ခိုးရာပါပစ္စည်းတွေ
ယူနဲ့ … …

တိတ်ဆိတ်မြေမှာလေ … …
တိတ်ဆိတ်မြေမှာ၊ ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့ တိတ်သွားတဲ့အသံ
နောက်ပြီး အကြောက်တရားနဲ့ ပိတ်ဖုံးထားတဲ့အသံ။
ဘယ်လိုပင် ဇွတ်အတင်းလုပ်လုပ်၊ လွတ်လပ်မှုဆိုတဲ့အသံကို

လူလိမ်လူညာတို့ မတုပနိုင် မှိန်ပျောက်သွားအောင်
ဖုံးမပစ်နိုင်ပေါ့။

ဒေါ်အောင်ဆန်းစုကြည် ၁၉၉၆


ဘာကြောင့်တိုက်

မနှစ်တုံးက ငါ့အဖေကို သူတို့သတ်ခဲ့
ပြီးတော့ … … ငါ့တဲကိုမီးရှို့
“ဘာကြောင့်… ငါ့ကိုမှ ဒီလိုလုပ်ရတာလဲ” မြို့ကြီး
သားတွေကိုမေးလဲ သူတို့လှည့်မကြည့်
“မသိဘူး၊ ကိုယ့်ဟာကိုယ် အေးအေးနေ”တဲ့။
တနေ့ ငါမူလတန်းကျောင်းက အိမ်ပြန်အလာ၊
ငါ့အစ်မ အသက်မဲ့၊ သွေးအိုင်ထဲမှာ။

ဘာဖြစ်တာလဲ၊ မေးဖို့လိုက်ရှာ၊
တယောက်ယောက်များသိလေမလား
သွေးလွှမ်းတဲ့ အိမ်ခန်းကလွဲပြီး ဘယ်သူမှမတွေ့
ရွာလယ်လမ်းပေါ် ငါတစ်ယောက်ထဲလျှောက်ပြေး
ဘယ်သွားရမှန်းမသိပေမယ့် ဆရာမဆီခြေဦးလှည့်မိ
ငါ့အသိကိုရှင်းပေးနိုင်တာ သူတစ်ယောက်ထဲလို့
နားလည်ထား
သို့သော် ဒီတခါတော့ သူမတတ်နိုင်၊ အထူးအဆန်း
ကိစ္စတွေ ကြောက်ရွံ့စွာပြောပြ။
ဘာဖြစ်လို့လဲ ဆရာမရယ်၊ ဘာဖြစ်လို့လဲ ….. ဘာ …..
ဘာဖြစ်လို့လဲ…
ငါ့မှာ အဖေလဲမရှိတော့၊ အစ်မလဲမရှိတော့။
ဆရာမပြောတော့
ငါ့ကိုကောင်းရာညွှန်လတ် အတတ်သင်စေမယ်ဆိုတာ
ညာပြောတာလားဟင်။
ဒီတခါ မျက်ရည်တွေကျရင်း ဆရာမထပ်ပြော…
“ကြီးလာအောင်သာလုပ်စမ်းပါ … လူကလေးရယ်၊
ဒို့အားလုံး အသက်ငင်နေကြတာ မတွေ့ဘူးလား။
မင်းကြီးလာတာနဲ့တခါတည်း ဒီဥစ္စာကို အင်နဲ့အားနဲ့
တားပစ်လိုက်၊
ဘာလို့လဲဆိုတော့ ဒို့အားလုံးခံနေရတာမို့”။

ဒေါ်အောင်ဆန်းစုကြည်
၁၉၉၉

No comments:

Post a Comment