ကဗျာ

Friday, December 24, 2010

အနိုင်မခံ


ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်တွင်းမှနေ၍ အနိုင်မခံအရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့်နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွတ်ကား မညွတ်။
ဤလောဘ ဒေါသတို့ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျှက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှကျဉ်မြောင်းသည်ဖြစ်စေ၊
ယမမင်း၏ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကား ဂရုမပြု။
ငါသာလျှင် ငါ့ကံ၏အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။

ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခုနှစ်)

No comments:

Post a Comment