ကဗျာ

Thursday, December 23, 2010

အညတရ ရာဇဝင်

ကဗျာမဆန် .... ဘာမဆန်နဲ့
ဒဏ်ရာကို ပန်းလိုပွင့်ကြည့်ချင်ခဲ့မိတာပါ
တကယ့် တကယ်မှာတော့
တစ်ဘဝလုံးကို ထွန်ယက်ပြီး
နှလုံးသားချည်းသက်သက် စိုက်ပျိုးဖို့ဆိုတာခက်တယ်
အနုပညာမမြောက် .... ဘာမမြောက်နဲ့
ကိုယ့်ရင်ခုန်သံကို ထွက်ပေါက်ပေးချင်နေခဲ့မိတာပါ
တကယ်တမ်းကြတော့
သံယောဇဉ် နယ်နမိတ်မျဉ်းတွေအောက်မှာ
ဘဝတစ်လျှောက်လုံးကို
လိုဏ်ခေါင်းလို တူးဖော်ဖို့ဆိုတာခက်တယ်
သူရဲကောင်းမဟုတ်.... ဘာမဟုတ်နဲ့
နောက်မဆုတ်စတမ်း
ဖောင်တွေကို စည်းမရှိ၊ ကမ်းမရှိ ဖျက်ဖျက်နေခဲ့မိတာပါ
တကယ်တမ်းကြတော့
ဘဝတလင်းနဲ့မမျှအောင်
အိပ်မက်တွေလည်း အကျအဆုံး တောင်လိုပုံနေခဲ့ပါပြီ..... ....
ဒီလိုနဲ့
လူကြီးလည်းမကျ လူငယ်လည်းမကတော့ စကောစကအရွယ်မှာ
မုန်တိုင်းလိုလည်း အားမပြင်း
လေပြည်လိုလည်း နူးညံ့ခြင်းမရှိတော့တဲ့ လေးတွဲ့မှုတွေနဲ့
သံသရာထဲ ဝဲကတော့ အမုန်းထိုးရင်း
ရင့်ကျက်မှုကွက်လပ်တွေကြား
သံဝေဂသီချင်းစာသားတွေ မလှမပ ... ... မရတရ
ပျားရည်ကို တရှိုက်မက်မက် မတပ်မက်လှတော့သလို
သစ်ကိုင်းခြောက်ကိုလည်း မလွှတ်ရဲသေးတဲ့ ဖက်တွယ်မှုလေးနဲ့
ထွက်ပေါက်ကို မရှာချင်တော့တာတောင်မှ
ရောက်တဲ့အရပ်မှာ ရပ်မနေချင်တဲ့
လူပီသ လိုစိတ်ကလေးက
ဘဝကို .... .... သားရဲတွင်းတစ်ခုလို
ဆွဲဆန့်ထားကြည့်မိတာပါ
လွှတ်လိုက်တိုင်း ကိုင်ထားတဲ့လက်ကို
ပြန်လာရိုက်ခတ်တတ်တဲ့ လောကဓံရယ်... ....
တစ်ခါတလေ အိမ်မပြန်ခင် ငါလည်း
ရောက်တဲ့အရပ်မှာ ရောက်ခဲ့ကြောင်း
သစ်ပင်တစ်ပင်မှာ စူးချွန်လေးနဲ့ခြစ်ပြီး
စာလုံးပေါင်းမှားနေမိတာပါ
ဒါ့အပြင် တခြားဘာမှမဟုတ်ပါဘူး။ ။


ငြိမ်းမောင်
ရယ်စရာမဂ္ဂဇင်း၊ အမှတ်(၁၀၅)၊ မေလ၊ ၂၀၀၄

No comments:

Post a Comment