ကဗျာ

Friday, March 4, 2011

ကျွန်မဆုံခဲ့ရသည့် ၃၆ ခု အရေးတော်ပုံ


ကျွန်မတို့ ခေတ်က ကျ (F) ပြဿနာလည်း မရှိ၊ ကျောင်းဆောင် ပြဿနာလည်း မရှိ၊ စာသင်ခန်း ပြဿနာလည်း မရှိ၊ ကျောင်းသားသပိတ်ကြီး ပေါ်လာသည့်အတွက် အချို့သော ကျောင်းသားများက ကိုလိုနီဘ၀၌ တသက ၏ ဦးဆောင်မှုကို သိလိုသူများ ရှိပေမည်။

ဟုတ်ပါပေသည်။ ယနေ့ ကျောင်းသားတွေ၏ အခြေအနေနှင့် ကျွန်မတို့ခေတ်က ကျောင်းသားတွေ၏ အခြေအနေမှာ များစွာမှ ခြားနားပါသည်။ ယခု ကျောင်းသားတွေကို ပြောပြလျှင် ကျောင်းသားတွေက "သြော်..... ရှေးရှေးတုန်းက တက္ကသိုလ်ဆိုတာ ဒီလိုကိုး" ဟု တွေး၍ ဝေးကွာလှသော ကာလဆီသို့ တွန်းပို့လိုက်ကြမည် ထင်ပါသည်။

ကျွန်မတို့ ကျောင်းသားဘ၀က ကိုသိန်းဖေကြီးတို့များ အင်တာ(ဥပစာတန်း) တွင် ၉ နှစ် နေပါသည်။ ကျ ၉ ကျ ဖြစ်သည်ဆို၍ မည်သည့် အာဏာပိုင်ကမျှ မည်သို့မျှ အရေးမယူပါ။ ကျောင်းဆောင်ခ မှန်မှန်ပေးသမျှ အဆောင်ကလည်း လက်ခံသည်။ ကျောင်းလခ မှန်မှန်ရသမျှ တက္ကသိုလ်ကလည်း လက်ခံသည်။ ကျောင်းလခမှာ အင်တာ၌ ၉ိ၊ ၀ိဇ္ဇာတန်း၌ ၁၂ိ ဖြစ်သည်။ အဆောင်ခမှာ တလလျှင် ၂၅ိ ဖြစ်သည်။

ကျောင်းဆောင်ဆိုသည်မှာလည်း တယောက်ခန်းတွင် တယောက်၊ ၂ ယောက်ခန်းတွင် ၂ ယောက်၊ တခါတရံ ၂ ယောက်ခန်းကြီး၌ ပင်လျှင် တယောက်တည်း နေလိုက နေရတတ်သေးသည်။ ၁၀ တန်းအောင်စ ကျောင်းသားများ အဖို့သာ အဆောင်နေရေးကို အဆောင်မှူးထံ စာတင်၍ လျှောက်ထားရသည်။ တနှစ်နေဖူးသည့် ကျောင်းသားဟောင်းဖို့ လျှောက်နေ တောင်းနေစရာ မလိုတော့။ အဆောင်ဖွင့်၍ အချိန်တန် ရောက်လာလျှင် ၀င်နေရုံသာ ရှိသည်။ ယမန်နှစ်က ကိုယ်နေပြီးသား အခန်းပြန်ရလိုလျှင် သူများထက် ၂ ရက် ၃ ရက် စော၍ လာနိုင်လျှင် ရသည်။

စာသင်ခန်း ဆိုပါလျှင်လည်း ကျွန်မတို့ ကျောင်းသူများအဖို့ သူများနည်းတူ အပြေးအလွှားသွား၍ နေရာရအောင် လုထိုင်နေစရာ မလိုပါ။ ခေါင်းလောင်းထိုးခါနီးမှ ဆရာနှင့် မရှေးမနှောင်း ၀င်လာကြပြီး ကျောင်းသားများက တမင်ချန်ပေးထားသော ရှေ့တန်းခုံများတွင် ၀င်ထိုင်၍ သင်ရပါသည်။

၁၉၃၆ ခုနှစ်က မြန်မာတနိုင်ငံလုံး၌ ရှိရှိသမျှ အထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနှင့် ယူနီဗာစီတီကောလိပ်၊ ဂျပ်ဆင်ကောလိပ်တို့ပင် ပါဝင်သည့် ပြည်လုံးကျွတ် သပိတ်ကြီး ပေါ်လာရခြင်းမှာ တကသ ဥက္ကဌကို ကျောင်းထုတ်မည်ဟု ဆိုသောကြာင့် ဖြစ်ပါသည်။

၁၉၃၆ ခုနှစ် ပြည်လုံးကျွတ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာရသည့် လောလောဆယ် အကြောင်းရင်းသည် အောက်ပါအတိုင်း ဖြစ်သည်။

၁၉၃၆ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့၌ တကသတွင် ကျောင်းသားများ၏ စကားအချေအတင် ဟောပြောပွဲတရပ် ရှိသည်။ ထို စကားအခြေအတင် ပြောပွဲကြီး၌ တကသ ဥက္ကဌ ကိုနုက ကျောင်းသားများ၏ အရေးကိစ္စအတွင်း၌ အချို့သော အာဏာပိုင်တို့ စွက်ဖက်နေမှုနှင့် တက္ကသိုလ်တွင် ကျောင်းသားများအား ကျွန်စိတ်၊ အောက်ကျနောက်ကျစိတ်များ သွင်းပေးနေမှုတို့ကို စကားလုံး ခပ်ကြမ်းကြမ်းနှင့် ပြောကြားသွားခဲ့ သည်။

နောက် ရက်အနည်းငယ်အကြာ၌ အိုးဝေမဂ္ဂဇင်း ထွက်လာသည်။ မဂ္ဂဇင်းတွင် အင်္ဂလိပ်စာ ကဏ္ဍ၌ အယ်ဒီတာထံ ပေးစာတစောင် ပါသည်။ ထိုပေးစာမှာ "ငရဲပြည်မှ ငရဲခွေးတကောင် လွတ်သွားရာ တက္ကသိုလ်၌ ကျက်စားနေသည်ကြား၍ ငရဲပြည်သို့ ပြန်ပို့လိုက်ပါ" ဟူ၍ "ယမမင်း" ဆိုသူက ရေးထားသည်။ ဤပေးစာသည် တက္ကသိုလ်ရှိ ဆရာတဦး တယောက်ကို စောင်းမြောင်း ရေးသားခြင်း ပေလောဟု အာဏာပိုင်လောက၌ လှုပ်ရှားလာသည်။

ထို့ကြောင့် ဇန်န၀ါရီ ၃၁ ရက်နေ့က တကသဥက္ကဌ၏ မိန့်ခွန်းသည်လည်းကောင်း၊ ယခု အိုးဝေမဂ္ဂဇင်းပါ ပေးစာသည်လည်းကောင်း၊ တက္ကသိုလ်ကျောင်းသားတို့၏ စည်းကမ်းသေ၀ပ်မှုနှင့်မညီ။ ထို့အတွက် တကသ ဥက္ကဌသည် ပြောခဲ့သည့် မိန့်ခွန်းအတွက် ထုချေလွှာပေးရမည်။ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းကလည်း ဆောင်းပါးရှင်မှာ မည်သူမည်ဝါ ဖြစ်သည်ဆိုခြင်းကို ဖော်ထုတ်ရမည်ဟု အာဏာပိုင်တို့က တောင်းဆိုလာသည်။

တကသစာစောင်၊ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းက ထိုဆောင်းပါးကို ထည့်သွင်းခြင်းမှာ မှားသည်ဟု ဆိုပါလျှင် အယ်ဒီတာအနေနှင့် ၀မ်းနည်းစကား တောင်းပန်ပါမည်။ သို့သော် အယ်ဒီတာတို့ စောင့်စည်းအပ်သည့် ကမ္ဘာထုံးတမ်းစဉ်လာနှင့်အညီ ဆောင်းပါးရှင်ကား မည်သူမည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်ပါဟု ဆိုလေသည်။

ဤပြန်ကြားချက်ကို မကျေနပ်၊ ဥက္ကဌထံမှ ထုချေလွှာ မပေးသည်ကိုလည်း မကျေနပ်သော အာဏာပိုင်များက ဥက္ကဌကိုနုအား ယူနီဗာစီတီကောလိပ်မှ ထုတ်ပယ်လိုက်သည်ဆိုသော စာတစောင် ၂၁-၂-၃၆ နေ့တွင် ပေးလာသည်။ စင်စစ် တကသဥက္ကဌမှာ ဒီကရီရပြီးဖြစ်၍ ဥပဒေတန်းတက်နေသည့် ဒုတိယနှစ်ဖြစ်ရာ အာဏာပိုင်တို့က ကျောင်းမှထုတ်သည် ဆိုချိန်၌ စာသင်ခန်း ဖြုတ်ပြီးပြီ ဖြစ်၍ ဥက္ကဌသည် ဘီအယ် စာမေးပွဲဝင်ဖြေ၍ ကျရှုံးစေဦးတော့ နောက်နှစ်၌ ကျောင်းဆက်၍ နေရန် မလိုတော့ပါပေ။

ထို့ကြောင့် အာဏာပိုင်တို့၏ ဤအပြုအမူသည် တကသ၏ ဂုဏ်သိက္ခာကို ကျအောင် တမင်သက်သက် ပြုလုပ်ခြင်း၊ စော်ကားခြင်းဟူ၍ ကျောင်းသားထုက မြင်သည်။ (ထို့ပြင် နောက်ဆက်တွဲ သတင်းစကားအဖြစ်နှင့် အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းကိုလည်း ကျောင်းမှ ထုတ်ပယ်လိမ့်မည်ဟု အတွင်းကျကျ ခိုင်လုံစွာ ကြားသိရသည်။ သို့သော် အာဏာပိုင်များသည် သပိတ်မှောက်သွားကြသည်အထိ ကိုအောင်ဆန်းအား ကျောင်းထုတ်သည့် အမိန့် မပေးခဲ့။ သပိတ်မှောက်ပြီး၍ တလကြာမှ တက္ကသိုလ်ကြော်ငြာသင်ပုန်းတွင် ကိုအောင်ဆန်းအား ၃ နှစ်ပယ်လိုက်သည်ဆိုသော အမိန့်ကပ်ထားသည်။)

တက္ကသိုလ် အာဏာပိုင်တို့က ဥက္ကဌကို ကျောင်းထုတ်သည် ဆိုခြင်းကြောင့် ရှုတ်ချကန့်ကွက်သော သဘောဖြင့်၊ အမှုဆောင်အဖွဲ့က တဖွဲ့လုံး စာမေးပွဲမဖြေပဲ သပိတ်မှောက်မည်ဟု စဉ်းစားသည်။ အမှုဆောင်များ အနေဖြင့် ဤမျှသာ အစီအစဉ်ရှိသော်လည်း ကျောင်းသားထုမှာကား တကသကို ဤသို့ စော်ကားရပါမည်လားဟု ပြင်းစွာမခံမရပ် ဖြစ်နေကြလေသည်။ ထို့ကြောင့် အခြေအနေ အရပ်ရပ်ကို တင်ပြရန် ခေါ်ယူသည့် ကျောင်းသားထု စည်းဝေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ခေါ်ယူတင်ပြ ရှင်းလင်းသည့်အခါ ကျောင်းသားထု၏ အုံကြွမှုကြီး ထိန်းမရတော့ဘဲ ပေါက်ကွဲရလေတော့သည်။

တက္ကသိုလ် သမဂ္ဂခန်းမကြီး လျှံထွက်နေသော ထိုကျောင်းသားထု စည်းဝေးပွဲ၌ ယူနီဗာစီတီ အက်ဥပဒေ၏ အပြစ်အနာများကိုလည်းကောင်း၊ ကျွန်ပညာရေး၏ မဖွယ်မရာပုံများကိုလည်းကောင်း၊ ပြည့်ပြည့်၀၀ကြီး ဖော်ထုတ်၍ သခင်ပညာရေး၊ အမျိုးသားတက္ကသိုလ်စသည့် တကယ့် လွတ်လပ်သော နိုင်ငံတနိုင်ငံ၏ မျှော်မှန်းချက်ကြီးများကို ဖော်ထုတ်၍ တောင်းဆိုလာကြတော့သည်။ ထို့နောက် ကိုလိုနီ ပညာကိုသာ ပေးသည့် ဤတက္ကသိုလ်၌ မနေလိုပါပြီဆိုကာ တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာတော့သည်။ ဂျပ်ဆင်ကောလိပ်ကပါ သပိတ်ထဲ ရောက်လာရသည်။ တက္ကသိုလ်၌ စာမေးပွဲတွေမှာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် စကြမည် ဖြစ်ရာ သပိတ်မှောက်ချိန်မှာ စာမေးပွဲကြီး ဖြေရန် နှစ်ရက်အလိုတွင် ဖြစ်ပါသည်။

မည်သို့မျှ ကြိုတင်စီစဉ်ထားခြင်းမရှိသော ထိုသပိတ်ကို တကသ, က ကောင်းမွန်စွာ ထိန်းသိမ်းနိုင် ခဲ့သည်။ ဗမာတပြည်လုံးရှိ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ၏ ကူညီထောက်ခံ သပိတ်ကိုလည်း ပေါ်ပေါက်စေနိုင်ပေသေးသဖြင့် တော်ရုံမှန်ကန်သော စည်းရုံးရေးမျိုးနှင့် မဖြစ်နိုင်သည်မှာ သေချာပါသည်။

ထို့ပြင် ကျွန်မတို့ ခေတ်က တက္ကသိုလ်ကောင်းသားဆိုသည်မှာ မြေပိုင်ရှင်တို့၏ သားသမီးများ၊ အရာရှိအရာခံတို့၏ သားသမီးများက လူများစု ဖြစ်ပါသည်။ ဤသို့ လူတန်းစားများ၏ သားသမီးများကို တကသ, က မည်သို့ စည်းရုံးထား၍ ဤသို့ လှုပ်ရှားနိုင်ခြင်း ဖြစ်ရပါသနည်း။ ပြည်သူလူထုက တကသကို မည်သို့ ထောက်ခံသနည်းဟူ၍ မေးဖွယ်ရာ ရှိပါသည်။

လွတ်လပ်နေပြီဖြစ်သော ဤခေတ်၌ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးသည် ပြည်သူတို့၏ အဓိကပြဿနာ ဖြစ်သကဲ့သို့ ကျွန်ခေတ်က ပြည်သူတို့၏ တခုတည်းသော ပြဿနာမှာ တမျိုးသားလုံး လွတ်လပ်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးပင် ဖြစ်ပါသည်။ ဤသို့ အမျိုးသား အဓိကပြဿနာကို တကသ, က ဘယ်တော့မှ မျက်ခြေမပြတ် သည်သာမက၊ အမြဲတမ်း ဆုပ်ကိုင်၍ ရှိပါသည်။ တကသ ဥက္ကဌက မိန့်ခွန်းပေးသည်ဟု ဆိုလျှင် မြန်မာနိုင်ငံ၌ တနှစ်လျှင် ၁၀ တန်း စာမေးပွဲကို ဖြေဆိုသူ ၃၀၀၀ သာရှိ၍ ၃၃ ရာခိုင်နှုန်းခန့် အောင်မြင်သောကြောင့် ကျောင်းသား ၁၀၀၀ခန့် နှစ်စဉ် စာမေးပွဲ အောင်သည်။ သို့ အောင်ရာ၌ အေတန်းမှ အောင်သည်၊ ဘီတန်းမှ အောင်သည်ဟူ၍ နှစ်ဆင့်ခွဲ၍ အောင်စေပြီး၊ အေတန်းမှ အောင်သူကိုသာ တက္ကသိုလ်သို့ ၀င်ခွင့်ပေးသောကြောင့် မန္တလေးဥပစာကောလိပ်၊ ဂျပ်ဆင်ကော်လိပ်တို့ အပါအ၀င် ရန်ကုန်တက္ကသိုလ်၌ နှစ်စဉ် အထက်တန်းပညာသင် ကျောင်းသား ၁၄၀၀ ထက်မပို။ လူဦးရေ ၁၇ သန်း၌ တက္ကသိုလ်ပညာ သင်ယူနိုင်သူ ၁၄၀၀ သာ ရှိစေသည့် ကိုလိုနီ ပညာရေးသည် စုတ်ပဲ့နုံချာလှသည်။ ထွက်လာပြန်တော့လည်း အသက် မွေးဝမ်းကျောင်း ပညာမဟုတ်၍ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရား၌ ကျွန်တယောက်အဖြစ်နှင့်သာ လခစားဘ၀တွင် ၀င်ရောက် အမှုထမ်းရသည်။

ဗြိတိန်၌ တက္ကသိုလ်ပေါင်း မည်မျှရှိ၍ ပညာသင်နိုင်သည့် ဦးရေ မည်မျှရှိသည်။ စက်မှုလက်မှု မည်သို့ ထွန်းကားသည် စသည်များကို နှိုင်းယှဉ်၍ ပြတတ်သည်။ ကျွန်ပညာမှသည် သခင်ပညာရေးသို့၊ ကျွန်တက္ကသိုလ်မှသည် အမျိုးသားတက္ကသိုလ်သို့၊ ကျွန်လခစားဘ၀မှ စက်မှု လုပ်ငန်းကြီးများထူထောင်နိုင်ရေးသို့ စသည်များကို တကသမှ ဖော်ထုတ်၍ စည်းရုံထားပါသည်။

တကသ၏ စည်းရုံးရေးကောင်းပုံကို သာဓကတခု ပြပါမည်။ သပိတ်ကြီး မှောက်သောအခါ ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး စက်ယန္တရားကြီး အတွင်းမှ အရာရှိအရာခံတို့၏ သားသမီးတွေ အများကြီး သပိတ်ထဲ ပါလာသည်။ ဗြိတိသျှအစိုးရသည် ဤမျှအထိ သဘောကောင်းသော နယ်ချဲ့သမား မဟုတ်၍ သူ့ လခစားများအား သားသမီးတွေကို သပိတ်မှ ပြန်ခေါ်ပေးရမည်ဟု ဖိနှိပ်တောင်းဆိုပါသည်။ ဤတွင် မိဘများ ခမျာမှာ အလုပ်ပြုတ်ရတော့မည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ သားသမီးများကို ချော့မော့၍ လည်းကောင်း၊ ခြောက်ငေါက်၍ လည်းကောင်း ပြန်ခေါ်ယူသည်။ ထိုအခါ သားသမီးများခမျာ မိဘများ အလုပ်ပြုတ်မည့် ဘေးကတဖက်၊ တကသကို သစ္စာမဖောက်နိုင်သည့် ယုံကြည်ချက်ကတဖက် ဖြစ်နေပြီး နောက်ဆုံး၌ မျက်ရည်စက်လက်နှင့် မိဘတွေကို ကျောခိုင်းပြီး တကသကို ဖက်၍ အစအဆုံး ထောက်ခံသွားကြသူ အများကြီး ရှိပါသည်။

ထို့ကြောင့် ကျွန်မတို့ ခေတ် တကသသည် ယခု စစ်ပြီးခေတ် တကသများကဲ့သို့ တိုက်ပွဲတွေ အများအပြား မကြီးကျယ်သော်လည်း စည်းရုံးရေးအားဖြင့် မညံ့ပါ။ တကသ ဦးဆောင်မှုသည် ပြောင်မြောက်သည်သာ ဖြစ်ပါသည်။ ကျောင်းသားတွေ၏ မှီခိုအားထား လဲလျောင်းရာ လည်းဖြစ်ပါသည်။ စင်စစ် ထိုအချိန်အခါသည် ၁၃၀၀ ပြည့် ဗမာ့အလုပ်သမား၊ လယ်သမား အရေးတော်ပုံကြီး ပေါ်တော့မည့် ဆဲဆဲ ဖြစ်၍ ၁၉၃၆ ခု တကသ၏ သပိတ်အရေးတော်ပုံသည် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ ပမာဏ ဖြစ်ပါသည်။

တကသသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ၌ ပြည်သူနှင့် အမြဲတမ်း လက်တွဲလျက် ရံဖန် တပ်ဦးမှ၊ ရံဖန် တပ်ဆွယ်မှ၊ ရံဖန် တပ်လယ်မှ လိုက်ခဲ့သည်။

နောက်တွင်လည်း တကသသည် ပြည်သူ့ အသည်းနှလုံးအဖြစ်နှင့် အဓွန့်ရှည်၍ ထာဝစဉ် တည်ပါစေသတည်း။


အမာ



ရေးသူ- လူထုဒေါ်အမာ

အိုးဝေမဂ္ဂဇင်း

တကသ နှစ် ၃၀ မြောက် ၁၉၅၉-၆၀ မှ

[မြန်မာသစ် မဂ္ဂဇင်း၊ အမှတ် ၁၉၊ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ မှ ကူးယူဖော်ပြပါတယ်]

လွမ်းတယ် ၁၉၉၀

လွမ်းတယ် ၁၉၉၀ … …

အရွယ်ကလည်း ငယ်ငယ်

နှလုံးသားပေါ်က စည်းတံဆိပ်ကို

ဒေါင်းအလံနဲ့ ခတ်နှိပ်ခဲ့တယ်



လွမ်းတယ် ၁၉၉၀ … …

သေနတ်လောက်ပဲ ရှိသေးတဲ့အရပ်နဲ့

ခွပ်ဒေါင်းအလံကို လွှင့်ထူ၊

အဖိုးနဲ့ အဖကို ရင်မှာပိုက်

ကျောင်းစိမ်းပုဆိုး ကပိုကရိုနဲ့

အုတ်နီခဲကို လက်နက်ပြု

စစ်အာဏာကို အန်တုတော်လှန်

“ဒို့ကျောင်းဝန်းထဲ … ဒင်းတို့ကို အဝင်မခံဘူးကွ” … … တဲ့

ပကတိ သန့်စင်လွန်းခဲ့တဲ့

သတ္တိခဲ ကျောင်းသားငယ်ငယ်တွေ



လွမ်းတယ် ၁၉၉၀

ရက်စက်လွန်းသူ အာဏာရှင်တွေအတွက်

အပိုးကျိုးမနေခဲ့တဲ့ ချာတိတ်တွေဟာ

အခုတော့ … …

တွေဝေတဲ့သူက တွေဝေ

တွေးကြောက်တဲ့သူက ကြောက်

သစ္စာဖောက်တဲ့သူက ဖောက်နဲ့

နဂိုဗီဇတွေ ဘယ်ရောက်ကုန်ပြီလဲ … …။ ။



၁၉၈၉-၉၀-၉၁ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ၏ ကျောင်းတွင်းဆန္ဒပြပွဲများကို အောင့်မေ့တသ … …သတိရစွာဖြင့် … …



နေခိုင်(မုံရွာ)

၃၀၊ ၁၂၊ ၂၀၀၇

Thursday, February 17, 2011

Complex Reaction

I trust and already thought
Only pure love with full understanding
Oh! Nothing need.

But, but, but …
Being human,
Everything is not firm,
Equilibrium for all is impossible…
And
Wars, conflicts, arguments
Evil will not disappear.

How wonderful the life was!
In spite of my heart was already died
It is still leaping
No more tear,
No more word, with a lot of lessons.

Is it needed?
Religion, ethnic, culture, ethic, …

N.T.H
October 13, 2010
(12:41 Am)

Thursday, January 13, 2011

စည်း

ဘယ်အချိန်ကတည်းက ငါ့ရင်ကို ပေါက်ကွဲပျက်စီးစေဖို့ အားယူကိန်းအောင်းခဲ့သလဲ … … တစ်ကိုယ်စာပဲကျန်တော့တဲ့ လမ်းကျဉ်းလေးထဲမှာ နောက်ကျခြင်းခြေထောက်တစ်စုံနဲ့ ရပ်တန့်သွားရတဲ့ ရင်ခုန်သံတစ်ခုက လှမ်းမျှော်တမ်းတယုံပါပဲ … … ပူလောင်ရှုပ်ထွေးလွန်းနေတဲ့ လှိုင်းများက တဝုန်းဝုန်းနဲ့နှလုံးသားကိုဟပ်နေပြီ … … လူမှုရေးစည်းတွေ ဘောင်တွေက ရင်ထဲကချစ်ခြင်းကို သေမိန့်ပေးနိုင် သတဲ့လား … … ချစ်သောသူနဲ့ ကွေကွင်းရသော ဒုက္ခတွင်းနက်ထဲကနေ လရောင်ကို ခိုလှုံခွင့်တော့ ရှိပါရစေ … … နှောင်းသက်သက် ခေါင်းလောင်းသံတွေနဲ့သာ နှစ်ပါးသွားရတော့မယ့်အဖြစ်က ဆိုးရွားလှပေစွ … … သစ္စာစောင့်သိခြင်းဆိုတဲ့ ဟိုက်ဒရိုဂျင်ဗုံးလို ပေါက်ကွဲသံမျိုး နားစည်မှာ နေ့စဉ်အမျှ ပဲ့တက်ထပ်ကာ ပေါက်ကွဲမြဲ … … ဟိုး …. အဝေးက ချိုမြမြ ဆည်းလည်းသံလေးရေ … … … ငြိမ်းချမ်းမှုအပေါင်းနဲ့ ပြည့်စုံပါစေ …. ….

Sunday, December 26, 2010

စစ်ကျွန်

နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်ကချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကိုပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသော ကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင် သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

"အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ်ဆက်တက်နော်သား။ အမေထားပေးမယ်"

"အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်"

"ဘာ----"

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
"အမယ်လေး၊ ကိုသောင်းမင်းရယ်"လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

"သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့"

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။

"သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေ မှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင် ပန်းပန်းရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ"

"ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့"

"သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်"

(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။

နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

"သမီး၊ ဆုံးဖြတ်ပြီးပြီလား"

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။
ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။
စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။

"မေမေကသဘောမတူလို့လားဟင်"

"မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး"

"ဘာဖြစ်လို့လဲမေမေ"

"မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝမခွဲတတ်တာ သမီးသိတယ်နော်"

"သိပါတယ်မေမေ"

"မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး"

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

"လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ ကြတယ်။ ဒီမြင်ကွင်း တွေကို မျက်ဝါးထင်ထင်တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူး နော်သမီး"

"မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး"

"တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေ တခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ် ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ"

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)
၂၀၀၇ ခုနှစ်၊ မတ်လ။

တပ်ရင်း ( ) အရာရှိအိမ်ယာ။

"မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"

"အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို"

"ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ"

"ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့"

"မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော်ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင် ဘူးလား"

"ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါကသူတို့လို မတရားသဖြင့် စီးပွားရှာ လာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ"

"မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာစစ်တပ်ကွ။ မင်းယူထား တဲ့ ယောက်ျားက စစ်သား"

"ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား"

"စစ်တပ်ဆိုတာ အထက်လူကြီးတွကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို
တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး"

"တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို
နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာ နော်။လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီးကျေနပ် လွန်းတယ် မထင်နဲ့"

"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက် က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာ လုပ်ရမယ်။ ဒါပဲ"

"ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့ မှာပေါ့"

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်ကလေထဲသို့မြောက်တက်သွားသည်။

"မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း"

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။
သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

"မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့်လူဖျင်း လူညံ့ပါလား"

"လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ"

"ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာတာဝန်ရှိတယ်"

"အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ"

"ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။
လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။
ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လိုဝတ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး"

"အန်တီက ကျွန်တော့်ကို စော်ကားနေတာလား"

"မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲအိမ်တွင်း အကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ"

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာ မှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန် လှပါပြီ။ ကြီးနိုင် ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော်ခြေသလုံးကို နှိပ်ပေး ရတဲ့ အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများ ပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမော လေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမ တသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံ ပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်က ခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

"ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့"

"မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ"

"ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့"

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေး ကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကို သာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။

သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင် နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာ ဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက် လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေ ပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲမကောင်းလို့လား။

"ဒေါ်ကြီးစိန်ရေ။"

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက် ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။

"ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ"


"ဟေ"

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရ တာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။
ဘာများဖြစ်လို့ပါလိမ့်။

"ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့"

"အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ
မေတ္တာပို့ ၀တ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။သံဃာတော်အများကြီးကိုလဲ စစ်ကားကြီး တွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲလူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေ နဲ့ရိုက်ကြတယ်"

" အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံ ဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကိုခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်ကပြိတ္တာ ဖြစ်မယ့်ဟာတွေ"

"ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေ မဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ"

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာသူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမ အကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

"အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား"

(၅)
(၂၀၀၇) အောက်တိုဘာလ။

စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။
ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။
သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။


"သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ"

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။
ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ် တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။

"တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား"

သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

"မေမေရယ်။ သူ-"

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။
မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။

မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။
ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ"

"မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----"

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

"အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့ မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ် မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘ မဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေမတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့ နေရာမှာပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်"

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှားသွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး" ဟူသတည်း။


-----------------
ဖြစ်ရပ်မှန်ဝတ္ထုလေးပါ။
ထက်ရည်လင်း